အမေရိကန် ပြည်ထောင်စုမှာ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲဝင်ဖို့ ပါတီတွင်း ယှဉ်ပြိုင်နေတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း မစ်ရွန်မနီ (Mitt Romney) တယောက် အခုတော့ ဒီမိုကရက် (Democrat) သမ္မတ ဘာရက် အိုဘားမာ (Barack Obama) နဲ့ ယှဉ် ပြိုင်ခွင့် ရဖို့ ပြိုင်ဘက်မရှိ ဖြစ်သွားပါပြီ။ ရီပတ်ဘလစ်ကန် ပါတီမှာ မစ္စတာ ရွန်မနီရဲ့ အဓိကပြိုင်ဘက် ဖြစ်နေသူ ရစ်ဆန်တိုရမ် (Rick Santorum) က သူ ဒီရွေးကောက်ပွဲမှာ ဆက်ပြီး မယှဉ် ပြိုင်တော့ဘူးလို့ ကြေညာသွားပြီး မဲဆွယ်စည်းရုံးရေးတွေကိုလည်း ရပ်လိုက်ပါပြီ။ ဒီအကြောင်း ဗွီအိုအေရဲ့ သတင်းဆောင်းပါးကို မအေးသန္တာကျော်က တင်ပြထားရာမှာ မစ်ရွမ်မနီရဲ့အသံကို အခုလို ကြားရမှာပါ။
“ဒီကနေ့ ကျနော့်အတွက် ကံကောင်းတဲ့ နေ့ တစ်နေ့ပါ။”
ရီပါပလစ်ကန် သမ္မလောင်း နေရာအတွက် ရှေ့ဆုံးက ပြေးနေတဲ့ မစ်ရွန်မနီ (Mitt Romney) အတွက်တော့ အဲဒီ သတင်းက မျှော်နေရတာ ကြာပြီဖြစ်တဲ့ သတင်းပါပဲ။ ပဲန်ဆယ်ဗေးနီးယား (Pennsylvania) အထက် လွှတ်တော် အမတ်ဟောင်း ရစ်ဆန်တိုရမ် (Rick Santorum) သမ္မတလောင်း နေရာအတွက် ဆက်ပြီး မပြိုင်တော့ဘူး ဆိုတာကို မစ္စတာ ရွန်မနီ အရင်ကတည်းက ကြားချင်နေတာပါ။
“ဒီသမ္မတနေရာအတွက် ယှဉ်ပြိုင်မှုကတော့ ကျနော့် အတွက် ပြီးဆုံးသွားပါပြီ။”
မစ္စတာ ဆန်တိုရမ်က လူမသိသူမသိ အခြေအနေက နေပြီးတော့ အိုင်အိုဝါ (Iowa) ပြည်နယ်နဲ့ တခြားဆယ် ပြည်နယ်မှာ အနိုင်ရကာ မစ္စတာရွန်မနီကို တကယ့်ကို ဇွဲနဘဲ ကြီးကြီးနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သမရိုးကျ ဝါဒီ ကိုင်စွဲသူတွေ၊ ဧဝံဂေလိ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ထောက်ခံမှုကို ရခဲ့ပါတယ်။
“ဘာရက် အိုဘာမား (Barrack Obama) နဲ့ ယှဉ် ပြိုင်ဖို့ဆိုရင် သူက ရီပတ်ဘလစ်ကန်တွေ ရှိရှိသမျှထဲမှာ အညံ့ဆုံးပါပဲ။”
မစ္စတာဆန်တိုရမ်ရဲ့ သမီး ဘဲလာ (Bella) ရှားရှားပါးပါး မျိုးရိုးဗီဇ ဖောက်ပြန်မှုဝေဒနာနဲ့ ဆေးရုံက ဆင်းပြီးတော့ နောက် တစ်နေ့မှာဘဲ အခုလိုမျိုး သမ္မတလောင်း နေရာအတွက် ဆက်ပြီးတော့ မပြိုင်တော့ဘူး ဆိုပြီးတော့ မစ္စတာ ဆန်တိုရမ် ကြေညာသွားတာပါ။ မစ္စတာရွန်မနီရဲ့ တုံ့ပြန်မှုကလည်း ပါးနပ်လှပါတယ်။
“ဒီနိုင်ငံရေး ဖြစ်စဉ်အတွက် သူ အရေးကြီးတဲ့ ကိစ္စတွေကို လုပ်ပေးသွားခဲ့ပါတယ်။ ကျနော်တို့ ရီပတ်ဘလစ်ကန် ပါတီမှာ သူက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ရှိသွားမှာပါ။”
မစ္စတာ ရွန်မနီဟာ သမ္မတလောင်း နေရာအတွက် တရားဝင် မရရှိသေးပေမယ့်လည်း အခုတော့ ပြိုင်ဘက်မရှိ ဖြစ်နေပြီမို့လို့ သူရဲ့ မဲဆွယ် စည်းရုံးရေးတွေက သမ္မတအိုဘားမားကို အနိုင်ရဖို့ အပြည့်အဝ အာရုံစိုက်တော့မှာ ဖြစ်ပါတယ်။
သမ္မတအိုဘားမားက မနေ့က အင်္ဂါနေ့မှာ ဖလော်ရီဒါ (Florida) ပြည်နယ်တောင်ပိုင်းမှာ ရောက်ရှိနေခဲ့ပြီး တော့ မကြာခင်မှာပဲ အပူတပြင်း စတင်ရတော့မယ့် သမ္မတ မဲဆွယ်စည်းရုံးရေးတွေအတွက် ရန်ပုံငွေရရှိဖို့ လိုက်ပြီးတော့ လုပ်ဆောင်နေပါတယ်။