အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်းက ကမ်းလွန် ပင်လယ်ရေအောက်မှာ ပြင်းအား ၈.၆ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်တခု ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက သတင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံအပါအ၀င် အိန္ဒိယသမုဒ္ဒရာတလျှောက်မှာရှိတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံလောက်မှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားတာတွေ အခုတော့ အာဏာပိုင်တွေက ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
ငလျင်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသက ခရိုင်မြို့တော်နဲ့ ၂၆၇ မိုင် လောက်ဝေးတဲ့နေရာက ပင်လယ် ရေမျက်နှာပြင်အောက် ၁၄ မိုင်မှာ လှုပ်သွားခဲ့တာပါ။ ပြင်းအား ၈.၂ ရှိတဲ့ နောက်ဆက်တွဲ ငလျင်တခု တနာရီလောက်အကြာမှာ ထပ်လှုပ်ခဲ့တယ်လို့လည်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပါတယ်။
အဲဒီ ငလျင်ဒဏ်ကို ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာလည်း ရိုက်ခတ်မှုတွေ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ ကမ္ဘာ့တိုက်ကြီးတော်တော်များများက တိုင်းပြည်တွေအပြင် မြန်မာနိုင်ငံက ပြင်ခရိုင်၊ စစ်တွေ၊ ကျောက်ဖြူ၊ Chedba ကျွန်း အပါအ၀င် ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်း သတိပေးချက်တွေထုတ်ထားခဲ့တာကနေ အခုတော့ ပြန်လည်ရုပ်သိမ်းလိုက်တာပါ။
ထိုင်းနိုင်ငံအတွင်းက အပန်းဖြေ ကမ်းခြေတွေမှာလည်း အာဏာပိုင်တွေက အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်တွေ လုပ်ဆောင်နေပြီး ဖူးခက်နဲ့ ဖန်င စတဲ့ အလုပ်သမား အများစု နေထိုင်တဲ့နေရာတွေမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့တဲ့အကြောင်း အဲဒီမှာ ရောက်နေတဲ့ မြန်မာလုပ်သားတွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားကျွန်းမှာပဲ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြင်းအား ၉.၁ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်လှုပ်သွားခဲ့တာကြောင့် အိန္ဒိယ သမုဒ္ဒရာအတွင်း ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်ခဲ့ရာက လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပါတယ်။ အဲဒီ သေဆုံးသူ စုစုပေါင်းရဲ့ ထက်ဝက်လောက်ဟာ အာချေးဒေသက ဖြစ်ပါတယ်။