သုံးရလွယ်ကူစေသည့် Link များ

မြန်မာအပေါ် ဒဏ်ခတ်မှု ဗြိတိန် ရုပ်သိမ်းဖွယ်ရှိ


ဗြိတိန်နိုင်ငံက မကြာခင်မှာပဲ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ထားမှုတွေကို လျှော့ပေါ့ပေးဖို့ ဖြစ်လာနိုင် တယ်လို့ မြန်မာနိုင်ငံကို သောကြာနေ့မှာ လာရောက်မယ့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (David Cameron) က ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲလုပ်ဆောင်နေမှုတွေအတွက် လျှင်လျှင်မြန်မြန်ပဲ တုံ့ပြန်ဖို့ ရှိနေပေမယ့် ဆုံးဖြတ်ချက် တစုံတရာ မချမှတ်ခင်မှာ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို လက်တွေ့ ကြည့်ချင်သေးတယ်လို့ ဆိုပါတယ်။

မစ္စတာကင်မရွန်းဟာ သောကြာနေ့မှာ မြန်မာနိုင်ငံကို စတင်လာရောက်မှာဖြစ်ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ရှိသလို ရန်ကုန်မှာလည်း ဧပြီလတစ်ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

လက်ရှိအစိုးရအနေနဲ့ နေရာအတော်များများမှာ NLD ပါတီ အနိုင်ရမယ်လို့ ခန့်မှန်းထားပေမယ့် အခုလို အပြတ်အသတ်နိုင်မယ်လို့တော့ မျှော်လင့်မထားဘူးလို့ ဝါရှင်တန် ဒီစီကိုရောက်နေတဲ့ သမ္မတရဲ့အကြံပေး ဦးကိုကိုလှိုင်က ကြာသာပတေးနေ့ VOA မြန်မာပိုင်းရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါ တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့အတွင်း ပါဝင်မှုအခန်းကဏ္ဍကို မသိရသေးပေမယ့် သူ့မှာ ရွေးစရာလမ်းတွေ ရှိနေပြီး လွှတ်တော်အဖွဲ့ဝင်တဦးအနေနဲ့ သူ့အယူအဆတွေကို တင်ပြနိုင်တော့မှာ ဖြစ်တဲ့အပြင် အစိုးရအဖွဲ့ကို အကြံပေးနိုင်မယ့် အခွင့်အလမ်းတွေ ရလာတော့မှာ ဖြစ်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို တဖြည်းဖြည်း ဖြေလျှော့ပေး သွားဖို့လည်း သူတို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရက ပြီးခဲ့တဲ့ အပတ်ကပဲ ခရီးသွားကန့်သတ်ထားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတချို့ အပါ အဝင် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ထားမှု တချို့ကို လျှော့ချပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး တွေ့နေရမယ်ဆိုရင် အရေးယူ ထားတာတွေကို လျှော့ပေးသင့်တယ် ဆိုတဲ့ သဘောမျိုး မြန်မာနိုင်ငံကို မလာခင် သွားရောက်တဲ့ မလေးရှားနိုင်ငံခရီးစဉ်အတွင်းမှာ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဥရောပသမဂ္ဂ ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေး မပေးကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ဧပြီလ ၂၃ ရက် နေ့မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

XS
SM
MD
LG