သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့မှု ရုပ်သိမ်းဖို့ထက် ဆိုင်းငံ့သင့်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော


မြန်မာနိုင်ငံပေါ် ချမှတ်ဆက်ခံထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့ထားသင့်တယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ ဒီလိုဆိုင်းငံ့လုပ်ထားခြင်းဟာလည်း မြန်မာနိုင်ငံ ံဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို အသိအမှတ်ပြုရာ ရောက်တယ်လို့လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ရဲ့သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧပြီလ ၁၃ ရက်၊ သောကြာနေ့ညနေက ရန်ကုန်မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြပါတယ်။ ဒီတွေ့ဆုံမှုအပြီး နေအိမ်ရှေ့မှာ သတင်းထောက်တွေကို တွေ့ဆုံစဉ်အတွင်း မစ္စတာကင်မရွန်းက မြန်မာနိုင်ငံအပေါ် အရေးယူချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့လုပ်ထားသင့် တယ်ဆိုတဲ့ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာဖို့ အလားအလာတွေ တွေ့နေရပါပြီ။ ဒါ့ကြောင့် ကမ္ဘာ့ အသိုင်းအဝိုင်းအနေနဲ့ ဒီ အပြောင်းအလဲတွေအတွက် တုံ့ပြန်ကြဖို့အချိန်တန်ပြီလို့ ကျနော်ယူဆပါတယ်။ မြန်မာအပေါ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ဖို့ သင့်ပါတယ်။ လက်နက် အရောင်းအဝယ်မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တော့ ဆိုင်ငံ့မှုထဲမှာမပါဘူးဆိုတာကတော့ ထင်ရှားပါတယ်။”

ဒီလို ဆိုင်းငံ့လုပ်ထားသင့်တယ်ဆိုတဲ့ သူ့အမြင်ကလည်း မြန်မာနိုင်ငံမှာ နောက်ထပ် လုပ်ဆောင်စရာ ကျန်နေသေးတာကြောင့် ဖြစ်တယ်လို့လည်း ဆက်ရှင်းပြပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေဟာ အပြုသဘောဆောင်တယ်ဆိုတာ တွေ့ရပေမယ့် သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးတာဟာ ထင်ရှားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာကိုလည်း မြင်လိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲတွေကို အောင်မြင်စွာ ကျင်းပခဲ့တဲ့အတွက် ကိုလည်း ချီးကျူးပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးကို ကျနော်တို့ အားလုံးက ရှေ့ရှုနေကြပါတယ်။ တိုင်းရင်းသား ပဋိပက္ခအခြေအနေတွေ ဆိုးဝါးပြီး မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာ ထိခိုက်နစ်နာစေခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်လတွေ၊ လာမယ့်နှစ်တွေမှာ ဒီပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျနော်တို့အားလုံးက မျှော်လင့်ပါတယ်။”

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းပြောပြခဲ့တာပါရှင်။ အခု ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့လုပ်သင့်တယ် ဆိုတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က သူ့အမြင်နဲ့ သဘောထားတွေကို သတင်းထောက်တွေကို ရှင်းပြရာမှာတော့ -

“ပိတ်ဆို့မှုကို ရုပ်သိမ်းတာထက် ဆိုင်းငံ့မယ်ဆိုတဲ့ အယူအဆကို ကျမထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ဆိုင်းငံ့လိုက်ခြင်းအားဖြင့် သမ္မတနဲ့ တခြားပြုပြောင်းလဲလိုသူတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့သဘောပါပဲ။ သမ္မတနဲ့ အတူ တခြားပြုပြောင်းလဲလိုသူတွေရဲ့ ပြောင်းလဲရေးခြေလှမ်းတွေကြောင့် ပိတ်ဆို့မှုကို ဆိုင်းငံ့ပေးမှာ ဖြစ်လို့ ပါပဲ။ ပြုပြင်ပြောင်းလဲရေး လမ်းလွဲသွားအောင် ဆန့်ကျင်သူတွေကကြိုးစားနေကြတာတွေကိုလည်း ပိတ်ဆို့မှုဆိုတာနဲ့ ပြန်ပြီး အရေးယူလို့ ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောလိုက်တဲ့ သဘောပါပဲ။” –

လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြခဲ့တာပါရှင်။ မစ္စတာ ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံ ဖိတ်ခေါ်တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့ပါတယ်။

မစ္စတာကင်မရွန်းဟာ ဒီကနေ့ ညနေ ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ခင် နေ့လည်ပိုင်းက နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံပါတယ်။ နေပြည်တော်က သမ္မတအိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့အတူ ဒုသမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပြင် တခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့လည်း တွေ့ခဲ့တာပါ။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်တွင်း ဗြိတိန်ဝန်ကြီးချုပ်အဆင့်နဲ့ ရောက်လာတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဘယ်လို ကိစ္စတွေကို ဆွေးနွေးပြောဆို ခဲ့ကြတယ် ဆိုတာတော့ ၂ ဘက်စလုံးက သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

ဧပြီလ ၁၃ ရက် သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံကိုရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာကင်မရွန်းဟာ ဒီကနေ့ ညနေပိုင်းမှာတော့ ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီရဲ့နေအိမ်မှာ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံပါတယ်။ အရှေ့တောင်အာရှ သုံးနိုင်ငံကို ငါးရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ထွက်လာတဲ့ မစ္စတာကင်မရွန်းဟာ တစ်ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ မြန်မာနိုင်ငံကိုရောက်နေတာ ဖြစ်ပါတယ်။ အခု ဗြိတိန် ဝန်ကြီးချုပ်ခရီးစဉ်မတိုင်ခင် ၂၀၁၁ နိုဝင်ဘာလတုန်းကလည်း ဗြိတိန်နိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အင်ဒရူးမစ်ချဲလ်၊၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတုန်းကလည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague တို့ မြန်မာနိုင်ငံကို လာခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေနဲ့ ဆက်ဆံတဲ့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် သူတို့ရဲ့မူဝါဒတွေကို လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည် သုံး သပ် ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG