သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ် တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့်တွေ့


ဗြိတိန်ဝန်ကြီးချုပ်တယောက်အနေနဲ့ ပထမဆုံး မြန်မာနိုင်ငံကို သောကြာနေ့က လာသွားတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ဟာ သူ့ရဲ့ တစ်ရက်တာခရီးစဉ်မှာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိလာတာနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တဆင့်ပြီးတဆင့် ရလာမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ကင်မရွန်းက ပြောခဲ့တဲ့အကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင် ဦးအေးသာအောင်က ဗွီအိုအေကို ပြောပါတယ်။ ဦးအေးသာအောင် အပါအဝင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးဦးလှစော စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာ ကင်မရွန်းတွေ့ဆုံပြီးတော့ မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ သူတို့ တင်ပြဆွေးနွေးခဲ့ကြတဲ့အကြောင်း အပြည့်အစုံကိုတော့ ကိုဝင်းမင်းက ဆက်တင်ပြပေးထားပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်နဲ့ မကြာခင်က ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို သူ့ရဲ့ တစ်ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့တဲ့ ဝန်ကြီးချုပ် ကင်မရွန်းဟာ ဒီမိုကရေစီရေးအပြင် နောက် အရေးပါတဲ့ တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ဖို့ အတွက်လည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့ရာမှာ ဆွေးနွေးခဲ့ကြတဲ့ ကိစ္စတွေ အကြောင်းကို ဦးအေးသာအောင်က အခုလို ရှင်းပြပါတယ်။

"အဓိက-ကတော့ ဝန်ကြီးချုပ် ပြောတာက ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲပေါ်မှာ အကောင်းမြင်တယ်၊ ဒါပေါ်မှာ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားရမယ်၊ အထူးသဖြင့် တောင်ပေါ် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက တိုင်းရင်းသားကိစ္စတွေ၊ တိုင်းရင်းသားပြဿနာတွေကို သူက နားထောင်ချင်တဲ့အကြောင်းတွေကို ပြောပါတယ်။

အန်ကယ်ကတော့ ဒီနေ့လက်ရှိ နိုင်ငံရေးအခြေအနေအပေါ်မှာ ကျနော်တို့ အထဲမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးရဲ့ မြင်ပုံ၊ ပြီးတော့ လတ်တလော ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးတဲ့ ကိစ္စတွေဟာ တကယ် ကျေနပ် အားရလောက်တဲ့ အနေအထားမရှိတဲ့အကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့အကြောင်းတွေ၊ ရေရှည်မှာ တကယ့် ထာဝရငြိမ်းချမ်းရေး ရဖို့အတွက် တော်တော့ကို ခက်ခက်ခဲခဲ ကြိုးစားရမယ် ဆိုတဲ့အကြောင်း အပစ်အခတ်ရပ်စဲရုံနဲ့ မပြီးဘူး၊ နိုင်ငံရေး ကိစ္စတွေကို ဖြေရှင်းဖို့လိုတဲ့အကြောင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးအရ တကယ့်ကို အပေးအယူ လုပ်ရမယ်၊ တိုင်းရင်းသားများ တင်ပြနေတဲ့ တင်ပြချက်တွေအပေါ်မှာ တကယ့်ကို အလေးအနက်ထားပြီး စဉ်းစားဖြေရှင်းဖို့ လိုတဲ့အကြောင်းတွေ ပြောပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဖို့လိုတယ်။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ပြည်တွင်းစစ် ရပ်စဲဖို့၊ ထာဝရပြည်တွင်း ငြိမ်းချမ်းရေးကို ရဖို့ဆိုတာကို မဖြစ်နိုင်တဲ့အကြောင်း ကျနော်က ပြောပါတယ်။

ဝန်ကြီးချုပ်က ပြန်ပြီးတော့ ဆွေးနွေးတာကတော့ ဖွဲ့စည်းပုံကို ပြင်ဖို့ကတော့ တဆင့်ပြီးတဆင့် ရေရှည် ပြင်သွားရမှာဖြစ်တဲ့အကြောင်း၊ တရားဥပဒေစိုးမိုးရေးဟာ အဓိကကျတဲ့အကြောင်း၊ ဒီ တရားဥပဒေ စိုးမိုးရေး ရှိလာတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကလည်းပဲ တဆင့်ပြီးတဆင့် ရလာနိုင်တဲ့ အကြောင်း ပြောပါတယ်။ အဓိက-ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းဖို့ အရေးကြီးတယ်၊ အဲလို ဖြေရှင်းတာကိုလည်း အခုလို ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ ပြီးတော့ ပါလီမန် အတွင်းမှာ ညှိနှိုင်းတာ၊ ဖွဲ့စည်းပုံကို ပြင်တာ၊ ဒီလိုကနေ သွားသင့်တယ်လို့ သူက ပြောပါတယ်။"

သမ္မတ ဦးသိန်းစိန်နဲ့တွေ့ရာမှာ ဘာပြောခဲ့တာကို ထုတ်မပြောသေးတဲ့ ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရာမှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုံးဝ ရုပ်သိမ်းတာထက်စာရင် ခေတ္တဆိုင်းငံ့ထားတာမျိုး သတိထားပြီး လုပ်ဆောင်သင့်တယ်လို့ ပြောခဲ့ကြောင်းကိုလည်း ဦးအေးသာအောင်ကပဲ ဆက်ပြောခဲ့ပါတယ်။

XS
SM
MD
LG