သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားဒုံးပျံ အာကာသထဲ မရောက်ခင် ပျက်ကျ


နိုင်ငံတကာရဲ့ ဆန့်ကျင်ကန့်ကွက်နေကြတဲ့ကြားက ဧပြီ (၁၃) ရက်နေ့ မနက်အစောပိုင်းက မြောက်ကိုးရီးယားက လွှတ်တင်ခဲ့တဲ့ ဒုံးပျံဟာ ဝေဟင်ထဲကို ရောက်ခဲ့ပြီး မကြာခင်မှာ ပေါက်ကွဲ ပျက်စီးသွားပြီးတော့ မြေပြင်ကို အထိအခိုက်မရှိဘဲ တောင်ကိုးရီးယားရဲ့အနောက်ဘက်က ပင်လယ်ပြင်ထဲကို ကျရောက်သွားခဲ့ပါတယ်။

အဆင့်သုံးဆင့်ပါတဲ့ဒုံးပျံဟာ ကမ္ဘာပတ်လမ်းကြောင်း ထဲကို ဝင်ရောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ မြောက်ကိုးရီးယား အစိုးရက ကြေညာခဲ့ပြီး အခုလို မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို မြောက်ကိုးရီးယား သိပ္ပံပညာရှင်တွေက ရှာဖွေနေတယ် လို့လည်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA က ပြောခဲ့ပါတယ်။

ကွမ်မြောင်ဆောင်း အမှတ်(၃) (Kwangmyongsong – 3) လို့ အမည်ပေးထားတဲ့ ဒုံးပျံကို မြောက်ပြုံဂမ်း (North Pyongan Province)၊ ချိုဆန်း ခရိုင် (Cholsan County) ဆိုဟေး ဂြိုလ်တု လွှတ်တင်ရေးဌာန (Sohae Satellite Station) ကနေ၊ ဧပြီ (၁၃) ရက်နေ့၊ သောကြာနေ့ ဒေသ စံတော်ချိန် မနက်(၇) နာရီ (၃၈) မိနစ်အချိန်မှာ လွှတ်တင်ခဲ့တာလို့ KCNA က ဆိုပါတယ်။ ဒီဒုံးပျံရဲ့ပထမအဆင့်အစိတ်အပိုင်းဟာ တောင်ကိုးရီးယားကမ်းခြေကနေ (၁၀၄) မိုင်အကွာမှာ ပျက်စီးသွားပြီး ပင်လယ်ဝါ (Yellow Sea) ထဲကို ထိုးကျသွားခဲ့ကြောင်းနဲ့ ဒုံးပျံ ကိုယ်ထည်တစ်ခုလုံး ရေထဲကိုကျမသွားခင်မှာ ကျန်တဲ့ ဒုံးပျံအစိတ်အပိုင်းတွေ လည်း ပျက်စီးသွားခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ ကမ္ဘာ့မြောက်ပိုင်းဒေသများ ဆိုင်ရာ စစ်ဌာနချုပ် ်(U.S. Northern Command) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တောင်ကိုးရီးယားရဲ့အနောက်ဘက်က ပင်လယ်ပြင်ထဲ ပြုတ်ကျခဲ့တဲ့ မြောက်ကိုးရီးယားဒုံးပျံ အပိုင်းအစတွေ ကို ရှာဖွေနေတယ်လို့လည်း တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီဒုံးပျံဟာ လေထဲကို တစ်မိနစ်လောက်ပဲ ပျံတက်နိုင်ခဲ့ပြီး ဝေဟင်ထဲမှာ အမြင့် (၇၂) မိုင် အထိရောက်ခဲ့ပြီးမှ လေးပိုင်းပြတ်ပြီး ပျက်စီးပြုတ်ကျပေါက်ကွဲသွားခဲ့ကြောင်းနဲ့ ဂျပန်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ ဘယ်လို ထိခိုက်မှုမှ မရှိခဲ့ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး နာအိုးခိထာနာခါ (Naoki Tanaka) ကလည်း ပြောပါတယ်။

ဒီဒုံးပျံပေါက်ကွဲပျက်စီးသွားပြီး ချက်ချင်းလိုပဲ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီ ဒုံးပျံလွှတ်တင်မှုကို မြောက်ကိုးရီးယားရဲ့ ရန်လိုတဲ့အပြုအမူအဖြစ် ပြစ်တင်ရှုတ်ချလိုက်ပြီးတော့ ဒါဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်လိုက်ခြင်းနဲ့ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဧပြီ (၁၃) ရက်နေ့ ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြောက်ကိုးရီးယားဒုံးပျံ ပစ်လွှတ်တဲ့ကိစ္စကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG