သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအိုင်အေတပ်သား ၃၅ ယောက် အစိုးရထံ လက်နက်ချ


ကချင်လွတ်လပ်ရေးတပ်မတော် KIAက အကြပ်တပ်သား ၃၅ယောက်က လက်နက်မျိုးစုံ ၂၃လက်နဲ့အတူ ပြီးခဲ့တဲ့ သင်္ကြန်အတက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ အခြေချနေတဲ့ အစိုးရ တပ် စခန်းကို လာရောက် လက်နက်ချခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလို လက်နက် ချလာ သူတွေ ဟာ KIAက အဓမ္မ တပ်သားသစ်စုဆောင်းခံရ သူတွေဖြစ်တာကြောင့် ပြန်လာ တာဖြစ်ကြောင်းပြောဆိုပြီး KIA ဘက်ကို ဆက်သွယ် မေးမြန်းရာမှာတော့ ဒီသတင်း မကြားသိသေးကြောင်း နဲ့ အတင်းအကျပ် ကောက်ယူတာ မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးမှာ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIAက တပ်ကြပ်ကျော်ဆန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၅ယောက် ဟာ မြစ်ကြီးနား မြို့နယ် တာလောကြီး ကျေးရွာမှာ အခြေချနေတဲ့ ခလရ ၃၇ တပ်စခန်းကို ဒီလ ၁၆ရက်နေ့ မနက်ပိုင်း က လက်နက်ချဝင်ရောက်လာတာဖြစ်ပါတယ်။

ဒီလို ဝင်ရောက်လာသူတွေကို ခလရ ၃၇က ဒုရင်းမှုးက လက်ခံပြီး နေရာချထားပေးတယ်လို့ တာလောကြီး ရွာသား တယောက်က ပြောပါတယ်။

- သူတို့က သူတို့ကို ဦးဆောင်ခဲ့တဲ့ စစ်ကြောင်းမှုးကိုတော့ မပါလာဘူး။ သူက ကချင်လေ။ သူနဲ့ အပြန်အလှန်ဖြစ်ပြီးမှ သူတို့ တပ်စိတ်မှုးတွေပဲ အချင်းချင်းညှိနှိုင်းပြီးမှ ဒီဘက် ထွက်ခဲ့ကြတာ။ သူတို့ ၃၅ယောက်။ လက်နက်မျိုးစုံ ၂၃လက်ပါတယ်။ အားလုံး အမှတ် ၃၇ သူတို့ တူးအိုင်စီကိုယ်တိုင် အဲဒီ ကိစ္စကို နေရာချထားပေးတယ်။ ကောင်းကောင်းမွန်မွန်ပဲ။

ပြန်လည်ဝင်ရောက်လာသူတွေဟာ ရှမ်း၊ ဗမာနဲ့ ကချင် လူမျိုးတွေဖြစ်တယ်လို့ လည်း ပြောပါတယ်။

အခုလို ပြန်လည်ဝင်ရောက်လာသူတွေဟာ သူတို့ စိတ်ဆန္ဒမပါဘဲ အမှုထမ်းရသူတွေဖြစ်တာကြောင့် ပြန် လာတာဖြစ်တယ်။ ဒီလို ပြန်လာတာကြောင့် သူတို့ ရွာလုံခြုံရေးထိခိုက်မှာလည်း စိုးရိမ်နေရတယ်လို့ တာလောကြီး ရွာသားက ဆက်ပြောပါတယ်။

- သူတို့က KIA တွေ ပေါ်တာဆွဲပြီး ဖမ်းသွားတာတွေ၊ နောက်တခါ ဖိအားပေးပြီး စာနဲ့ ဆင့်ပြီး ခြိမ်းခြောက်ခေါ်ခံရသူတွေ၊ နောက်ဆုံး လုပ်ငန်းခွင်မှာ အဖမ်းအဆီးခံရတဲ့ ကလေးတွေ ချည်း ပဲ။ ပြဿနာတော့ ရှာမှာပဲ။ အရင့်အရင် ဒါမျိုးထွက်ခဲ့သူတွေကို မိသားစုကို ရန်ရှာတာတို့၊ သူတို့ ဆွေမျိုးတော်စပ်သူကို ရန်ရှာတာတို့ အစဉ်အလာ ရှိခဲ့ဖူးတယ်။ အခုလည်း ပြောလို့ မရဘူးလေ။ သူတို့ လုပ်ရိုးလုပ်စဉ်တွေ ဆိုတော့ ရှာဖို့တော့ များပါတယ်။ အစိုးရက ဘယ်လောက်ထိ ကာကွယ်ပေးနိုင် မလဲ ဆိုတော့ ဒီလုပ်ငန်းခွင်မှာတော့ တာဝန်ယူကာကွယ်လို့ မရပေမဲ့ ကျေးရွာ တခုလုံး လုံခြုံမှုကိုတော့ အမှတ် ၃၇ ကနေ တာဝန်ယူပြီး စောင့်ရှောက်ပေးနေတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ရာ မှာတော့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

KIA အဆင့်မြင့် အရာရှိတယောက်ကတော့ လက်နက်ချတဲ့သတင်းကို အတိအကျ မသိ ရသေးကြောင်း ပြောပါတယ်။ ဒေသခံတွေ ပြောသလို KIA က အတင်းအကျပ် စစ်သား စုဆောင်း ကောက်ယူ သလား ဆိုတာကိုတော့ KIA အရာရှိက အခုလို ဖြေပါတယ်။

- မူဝါဒတော့ အဲလို မရှိဘူး။ ဒါမျိုးတော့ မရှိဘူးလေ ကျနော်တို့က။ ဟိုဘက် ရောက်သွားရင်တော့ အဲလိုပဲ ပြောရမှာပေါ့ကွာ။ အဲလို မပြောရင်တော့ သက်သာမှာ မဟုတ်ဘူးလေ။

လောလောဆည်မှာတော့ ကချင်ပြည်နယ် ဝိုင်းမော်ဒေသ၊ မိုးမောက်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားမှာ ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ရာက တိုက်ပွဲတွေ ပြန်လည် စတင် နေတာ အခုဆိုရင် ၁၀ကျော်လာပြီ ဖြစ်ပါတယ်။

ဒီတိုက်ပွဲပြန်စခဲ့တဲ့ အစောပိုင်း ၂လတာ ကာလအတွင်းမှာ အစိုးရတပ်တွေက အမျိုးသမီးနဲ့ မိန်းကလေး ငယ် ၃၇ ယောက်ကို အဓမ္မ ပြုကျင့်ခဲ့ပြီး ၁၃ယောက်သတ်ဖြတ်ခဲ့တယ်လို့ ကချင်အမျိုးသမီးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရပိုင်သတင်းစာတွေကတော့ KIA အဖွဲ့တွေက လမ်း၊ တံတားတွေ၊ မီးရထားသံလမ်းတွေကို မိုင်းခွဲ ဖျက်ဆီး ခဲ့ကြောင်း နဲ့ အဓမ္မ လူသစ်ကောက်ယူစုဆောင်းနေကြောင်း သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အခုလက်ရှိအချိန်မှာတော့ လောလောဆည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၆သောင်းလောက် ဟာ ကချင်ပြည်နယ်အတွင်း မြို့ကြီးတွေနဲ့ တရုတ်မြန်မာနယ်စပ်ဒေသဘက်တွေကို ထွက်ပြေး တိမ်းရှောင်နေ ရ ပါတယ်။

KIO ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအကြားမှာ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့ အနည်းဆုံး ၃ကြိမ်ဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့အထိတော့ မအောင်မြင်သေးပါဘူး။

XS
SM
MD
LG