သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အိန္ဒိယအကြံပေးချက် အမေရိကန် ချီးကျူး


မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲတင်းတင်း ဆောင်ရွက်လာတာကြောင့်၊ အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုအချို့ ရုပ်သိမ်းတာ အပါအဝင် အပြုသဘော တုံ့ပြန်ချက်တွေကို ဆောင်ရွက်ဖို့ စီစဉ်နေပြီလို့ အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြောဆို လိုက်ပါ တယ်။ ၅ကြိမ်မြောက် India US Dialogue ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ Mr.Campbell က သတင်းထောက်တွေကို ပြောသွားတာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လာရောက်ဖို့လည်း ဖိတ်ခေါ် ထားတဲ့ အပြင်၊ မြန်မာခေါင်းဆောင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတာကိုလည်း ပြန်လည် ရုပ်သိမ်းဖို့ရှိတယ်လို့ Mr.Campbell က ပြောပါတယ်။ မြန်မာအစိုးရရဲ့ သတ္တိရှိရှိ ရဲရဲ တင်းတင်း ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဆက်ဆံရေး ထူထောင် လာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲလို့ သုံးသပ်တဲ့အခါမှာ၊ အိန္ဒိိယနိုင်ငံနဲ့ တိုင်ပင် ဆွေးနွေးနိုင်တဲ့အတွက် လည်း အိန္ဒိိယနိုင်ငံကို ချီးကျူးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့တုန်းက မြန်မာ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအားလုံးနီးပါး အနိုင်ရခဲ့တဲ့နောက်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်ကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ပြီး မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ကို ပြန်လည် ရုပ်သိမ်း ပေးမယ့် အကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလိုပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်လှည့် မသွားဖို့နဲ့၊ ပြောင်းလဲမှုအတွက် အဟန့်အတားဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုတော့ အရေးယူမှု တွေ ဆက်လုပ်သွားမယ်ဆိုတဲ့အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

XS
SM
MD
LG