သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် အမေရိကန် အရေးယူမှု လျှော့ပေါ့ရေး စတင်


မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အထောက် အကူ ဖြစ်စေမယ့် ငွေကြေးလွဲှပြောင်းမှုတွေကို ခွင့်ပြုတာလို အရေးယူဒဏ်ခတ်မှု တချို့ကို အမေရိကန်ပြည်ထောင်စုက လျှော့ပေါ့ပေးသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ် မှုတွေ လျှော့ပေါ့ ပေးသွားမယ့် အစီအစဉ် တစိတ်တပိုင်းအဖြစ် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာလိုက်တာပါ။

ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားကစားတို့လို ကဏ္ဍတွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေအတွက် ငွေကြေး လွဲှပြောင်းမှုတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ကြီးကြပ်ရေးဌာနက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနပြောခွင့်ရ Mark Toner က အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနဲ့ အမေရိကန် လူထုကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့ ရည်ရွယ်ပြီး အမေရိကန် ပုဂ္ဂလိကအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ပရဟိတ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်လာအောင် အားပေးလိုတာကြောင့် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဧပြီလတစ်ရက်နေ့ မှာ မြန်မာအစိုးရက လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့နောက် အမေရိကန်အပါအဝင် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေက ပိတ်ဆို့ထားတာတွေကို လျှော့ပေါ့လာခဲ့ကြတာ ဖြစ်ပါ တယ်။

ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေကို ဒီသီတင်းပတ်ကုန် ပြန်ပြောင်း သုံးသပ်ဖို့ ရှိနေရာမှာ လျှော့ပေါ့ပေးမယ့် အရိပ်အယောင်တွေ ပြသနေပါတယ်။ အစိုးရအရာရှိတွေ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာတွေ ဇန်နဝါရီလမှာ ဖယ်ရှား ပေးလိုက်ပြီးတဲ့နောက် ဒီလကုန်ပိုင်းမှာ နောက်ထပ် ထပ်မံလျှော့ပေါ့ပေးဦးမှာ ဖြစ်တယ်လို့လည်း EU နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က အင်္ဂါနေ့မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG