သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပိတ်ဆို့မှု လျှော့ချရေးတုံ့ပြန်မှု မြန်မာအစိုးရ၊ NLD နဲ့ NGO ကြိုဆို


မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ငွေရေးကြေးရေးဆိုင်ရာ ဒဏ်ခတ် အရေးယူမှု တချို့ကို ရုပ်သိမ်းပေးလိုက်တဲ့အပေါ် အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ကြိုဆိုလိုက်သလို သမ္မတအကြံပေး ပုဂ္ဂိုလ်တဦးကလည်း ဒါဟာ ကောင်းမွန်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ဖြေလျှော့ပေးလိုက်တဲ့ အတွက် မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ အများကြီး အထောက်အကူဖြစ်စေမယ် လို့ ပြည်တွင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

အမေရိကန်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံက လူထုအခြေခံ လိုအပ်ချက် ဆိုင်ရာ ဒါမှမဟုတ် ဒီမိုကရေစီမြှင့်တင်ရေးဆိုင်ရာ စီမံကိန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်မယ် ဆိုရင် ဘဏ္ဍာငွေကြေးဆိုင်ရာကန့်သတ်ချက်တွေကို ဖြေလျှော့သက်သာပေးတော့မယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်လယ်ရပ်ခြားပိုင်ဆိုင်ပစ္စည်းများ ထိန်းချုပ်ကွပ်ကဲရေးဆိုင်ရာ ရုံးကနေ အင်္ဂါနေ့မှာ ကြေညာခဲ့တာပါ။

ဒီလိုဖြေလျှော့ပေးလိုက်တဲ့အပေါ် NLD ရဲ့သဘောထားကို ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

"ကျနော်တို့အမြင်ကို ပြောရရင်တော့ ကြိုဆိုတယ်။ သို့သော် ဒီလို ဆောင်ရွက်ခြင်း၊ မဆောင်ရွက်ခြင်းသည် သက်ဆိုင်ရာနိုင်ငံရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။"

သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ ဒေါက်တာနေဇင်လတ်ကလည်း လုပ်နေတဲ့ အပြောင်းအလဲတွေကို အထောက်အကူဖြစ်စေမယ်လို့ မြင်ပါတယ်။

"နံပါတ်တစ်၊ အလွန်ကောင်းတာပေါ့ဗျာ-နော်၊ နံပါတ်နှစ်ကတော့ ကျနော်တို့က democratization လုပ်နေတဲ့ အချိန်မှာ အထောက်အကူတွေ အများကြီးရတာပေါ့။ လိုချင်တဲ့ ခရီးကို စောစောလေး ရောက်တာပေါ့ဗျာ။"

ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အခုလျှော့ပေါ့ပေးလိုက်တာတွေထဲမှာ အကျုံးဝင်တဲ့လုပ်ငန်းတွေ ကတော့ ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေး ပုန်းအောင်းနေရသူတွေအတွက် အဝတ်အထည်၊ အစားအစာနဲ့ ဆေးဝါးတွေ ကူညီထောက်ပံ့တာအပြင် အင်္ဂလိပ် ဘာသာစကား လေ့လာသင်ယူရေးနဲ့ စာမတတ်သူ ပပျောက်ရေးဆိုင်ရာ အစီအစဉ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို အထောက်အပံ့ဖြစ်စေတဲ့ စီမံကိန်းတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားကစားကဏ္ဍဆိုင်ရာ စီမံကိန်းတွေ အတွက်လည်း အကျုံးဝင်ပါတယ်။

ဒီစီမံကိန်းတွေအတွက်ဆိုပြီး လျှော့ပေါ့ပေးလိုက်တာဟာ ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေမယ်လို့ ဦးဉာဏ်ဝင်းက ယုံကြည်ပါတယ်။

"ကျနော်တို့မြင်တာကတော့ ဒီ လုပ်ငန်းရဲ့ အသေးစိတ်ကဏ္ဍတွေကပေါ့- အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲမှု က အတိုင်းအတာတစ်ခုအထိ သွားနေတယ်ဆိုတာကို လက်ခံတဲ့အနေနဲ့ အတိုးအလျှော့လေးနဲ့ ရုပ်သိမ်းတဲ့ သဘောပါပဲ၊ အဲဒီတော့ လူမှုရေးကိစ္စတွေ၊ ကောင်းမွန်သော အုပ်ချုပ်ရေးကိစ္စတွေဆိုတာ အများကြီးပါ။ လုပ်ငန်းတွေ အများကြီးပါ။ ဒီလုပ်ငန်းတွေအများကြီးအပေါ်မှာ လျှော့လိုက်တော့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူဖြစ်တယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။"

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ ဒီရက်ပိုင်းတွေအတွင်းမှာပဲ ဆက်တိုက်ဆိုသလို ဖြေလျှော့လာတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥရောပနိုင်ငံတွေဘက်က ဒဏ်ခတ် အရေးယူမှုတွေ လျှော့ချတော့မယ့် အသံ တွေကိုလည်း ကြားနေရပါတယ်။ ဒဏ်ခတ်အရေးယူမှုတွေ မကြာခင်ကာလအတွင်းမှာ ထပ်ပြီးဖြေလျော့လာဖို့ မြင်ချင်ပါတယ်လို့ ဒေါက်တာနေဇင်လတ်က ဆိုပါတယ်။

"အခုဟာက လူတစ်ယောက်ပြေးနေတဲ့အခါမှာ အပေါ်မှာ ဆန်အိတ်ထမ်းပြီးတော့ မလိုအပ်တဲ့ အလေး အပင်တွေနဲ့ ပြေးနေရတာပေါ့ဗျာ၊ ဆိုတော့..ခရီးက မြန်မြန်ထက်ထက် မရောက်ဘူးပေါ့။ ဒဏ်ခတ် အရေးယူမှု လျော့ကျသွားမယ်ဆိုရင် ကျနော်တို့ကျောပေါ်မှာ ရှိနေတဲ့ အလေးကလည်း ကျသွားမှာပေါ့ဗျာ။ ကျသွားတယ်ဆိုရင် သွားသလောက်ခရီးက ရောက်မှာပေါ့။"

သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ ဒေါက်တာနေဇင်လတ်ပါ။

ဒေါက်တာခင်ဇော်ဝင်းကတော့ ပြည်တွင်းမှာအခြေစိုက်တဲ့ တမ္ပာဒီပအင်စတီကျူဆိုတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တခုက ညွှန်ကြားရေးမှူးပါ။ ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အရေးယူဒဏ်ခတ် မှုတွေကြောင့် ဆိုခဲ့ပါ စီမံကိန်းတွေ အကောင်အထည်ဖော်ရေးမှာ အခက်အခဲ အဟန့်အတားတွေ အများအပြား ကြုံတွေ့ခဲ့ရတဲ့အတွက် အခုလို ဖြေလျှော့ပေးလိုက်တာဟာ အချိန်ကြာမြင့်စွာ ကတည်းက လုပ်သင့်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

"ကျနော်ဆိုလို့ရှိရင် ဖွံ့ဖြိုးရေးလောကမှာလည်း ကြာပြီလေ။ NGO လည်း လုပ်နေတယ်ပေါ့။ ကျနော်တို့ အခက်အခဲတွေ အများကြီးတွေ့ရတယ်ခင်ဗျ။ ဗမာပြည်က လိုအပ်ချက်တွေကလည်း များတယ်။ ကိုယ့် donor တွေ၊ fun တွေက နိုင်ငံခြားကနေ သွင်းမယ်ဆိုရင် အခက်အခဲတွေ အများကြီး တွေ့ရပါတယ်။ တခြား INGO (International NGO) တွေလည်း ပါတာပေါ့ဗျာ။ ကျနော်ကတော့ local NGO ပဲပေါ့။ အခုလို လုပ်ခြင်းအားဖြင့် မြန်မာပြည်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ တခြားလိုအပ်ချက်တွေ၊ ဖွံ့ဖြိုးမှုလုပ်ငန်းတွေအတွက် အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။ အခုဟာ ပြောမယ်ဆိုရင်တော့ sanction ကို ရွေးပြီးတော့ လျှော့လိုက်တာပေါ့။ အဲဒါကတော့ အများကြီးပဲ အကျိုးရှိပါတယ်။ ပြောရမယ် ဆိုလို့ရှိရင် လုပ်သင့်နေတာ တော်တော်ကို ကြာပါပြီ။"

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကနေ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာမှာ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတာဟာ အများဆုံးနဲ့ အရှုပ်ထွေးဆုံးလို့ ဆိုရမှာပါ။ ဒီအချက်ကို အမေရိကန် တာဝန်ရှိသူတွေ ကိုယ်တိုင်ကလည်း အသိအမှတ်ပြု ပြောဆိုထားပါတယ်။ အရေးယူထားတာ အားလုံးကို တပြိုင်တည်းမှာ ချက်ခြင်းရုပ်သိမ်းဖို့ မဖြစ်နိုင်ဘူးဆိုပေမဲ့လည်း အခုလို တဆင့်ချင်း ဖြေလျှော့ပေးတာတွေကိုတော့ သိပ်မကြာခင် အနာဂတ်ကာလအတွင်းမှာ နောက်ထပ် ဆက်တိုက်လို တွေ့လာကြရဖို့ ရှိပါတယ်ခင်ဗျား။

XS
SM
MD
LG