သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများ


မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပွင့်လင်းလာတာနဲ့အမျှ စီးပွားရေးမှာ ဖွံ့ဖြိုးမှု အလားအလာတွေ ရှိနေပေမဲ့ သတိထားစရာတွေ အများအပြား ရှိနေတယ်လို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းက တာဝန်ရှိသူတွေ နဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေရဲ့ဆွေးနွေးပွဲက ပြောလိုက်ပါတယ်။ ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ခံ မှုတွေနဲ့အတူ စီးပွားရေး တိုးတက်မှုတွေကို ခွဲဝေခံစားနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ လိုမယ်လို့ ဝါရှင်တန်မြို့တော် ကမ္ဘာ့ဘဏ်ရုံးချုပ် နှီးနှော ဖလှယ်ပွဲမှာ ပြောသွားကြတာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေ မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ဆက်ဆံရာမှာ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြတဲ့ အတိုင်း မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး တိုးတက်လာနိုင်တဲ့ အလားအလာတွေကို ပြောခဲ့ကြသလို သတိထားရမယ့် ပြဿနာတွေ အများအပြား ရှိနေတာကိုလည်း ထောက်ပြလိုက်ကြတာပါ။ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ နိုင်ငံ တကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တာဝန်ရှိသူတွေနဲ့ မြန်မာ့ အရေး လှုပ်ရှားသူတွေ မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေကို နှီးနှောဖလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ အထဲက မြန်မာ့စီးပွားရေး အခြေအနေကို တစိုက်မတ်မတ် စောင့်ကြည့် အကဲခတ်နေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ Sean Turnell ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အခြေခံကျကျ အပြောင်းအလဲတွေ လိုအပ်နေတာလို့ ပြောခဲ့တာပါ။

“လတ်တလောရှိနေတဲ့ ဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို ပြန်လည်သုံးသပ်ဖို့ ဦးစားပေးရ လိမ့်မယ်လို့ ထင်ပါတယ်။ ဒါတွေ အတော်များများဟာ ဆိုရှယ်လစ်အစိုးရ လက်ထက်ကတည်းက ရှိနေတာတွေ ဖြစ်ပါတယ်။ ဒါတွေကို မဖယ်ရှားခင်မှာလည်း လုပ်ဖို့လိုတာက မြန်မာနိုင်ငံမှာ စီးပွားရေးအရ လွတ်လပ်ခွင့် ရှိဖို့ပါ။ ဒါမှလည်း လူတွေ စီးပွားရေး လုပ်နိုင်ကိုင်နိုင်၊ စိတ်ချလက်ချ ရင်းနှီးမြုပ်နှံ နိုင်ကြပြီး ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီထဲက တချို့ဟာ လုပ်မယ်ဆိုရင် သိပ်လည်း မခဲယဉ်း ပါဘူး။ ငွေကြေးလည်း ကုန်ကျစရာ မလိုသလို အဖွဲ့အစည်းတွေမှာ လုပ်နိုင်စွမ်းရည်တွေတောင် တက်လာ ဦးမှာပါ။ ကျနော်တို့ ပြောနေတာက အစိုးရကနေ အကုန် လျှောက်လုပ် နေတာတွေကို ရပ်ဖို့ပါ။”

စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အနက် အထင်ရှားဆုံး အဖြစ်နဲ့ကတော့ အမျိုးမျိုးဖြစ်နေတဲ့ ငွေလဲနှုန်းကို ဧပြီလဆန်းပိုင်းမှာ ပြောင်းလဲ သတ်မှတ်လိုက်တာကို ဆွေးနွေးသူတွေ အသိအမှတ်ပြု ပြောခဲ့ကြပေမဲ့လည်း ကန့်သတ်ထိန်းချုပ်မှုတွေအောက်မှာ ရှိနေဆဲဖြစ်တယ် လို့လည်း သတိပေးခဲ့ကြတာပါ။ နှုန်းရှင်အဖြစ် ဗဟိုဘဏ်က သတ်မှတ်တဲ့စနစ်မှာ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်သလို ပို့ကုန် သွင်းကုန် လုပ်ငန်းတွေက လိုင်စင်ထုတ်ပေးရာမှာ ပွင့်လင်းမြင်သာမှု မရှိတာတွေကိုလည်း တွေ့နေရတုန်းပဲလို့ ပြောကြပါတယ်။

စီးပွားရေး ပညာရှင် တာနဲလ် ကတော့ ဘယ်အပိုင်းတွေမှာ ငွေကြေးသုံးစွဲနေသလဲ ဆိုတာတွေကို ခြေရာခံ ကြည့်ရလိမ့်မယ်လို့ အကြံပြုခဲ့ တာပါ။ ဘဏ္ဍာရေး ရ/သုံးမှန်းခြေကို နှစ်ပေါင်းများစွာအတွင်း လွှတ်တော်မှာ ပထမဆုံးအကြိမ် ဆွေးနွေး ဆုံးဖြတ်နိုင်တာမျိုးဟာ ဖွံ့ဖြိုးမှုအတွက် ခြေလှမ်းကောင်းတရပ် ဖြစ်ပေမဲ့လည်း စစ်တပ်အတွက် အသုံးစရိတ်တွေ လျော့မလာဘဲ တခြား အရေးကြီးတဲ့ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေမှာတော့ လိုအပ်ချက်ထက် နည်းပါးနေတာတွေဟာလည်း ရေရှည်ဖွံ့ဖြိုးမှုအတွက် မကောင်းတဲ့ လက္ခဏာတွေလို့ ပါမောက္ခ တာနဲလ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရကတော့ စီးပွားရေးမှာ လွတ်လပ်ခွင့်တွေပေးမယ်လို့ ကတိပေးပြီး တဲ့နောက် ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ အကူအညီတွေ တောင်းခံလာရာက ဆယ်စုနှစ်တွေနဲ့ ချီပြီး မြန်မာနိုင်ငံနဲ့ အဆက်အဆံမရှိခဲ့တဲ့ IMF ကမ္ဘာ့ဘဏ်နဲ့ ADB တို့လို ဘဏ္ဍာရေး အဖွဲ့အစည်းတွေ မကြာသေးခင် နှစ်တွေကစလို့ ပြန်လည် ထိတွေ့ ဆက်ဆံလာကြတာပါ။ မြန်မာနိုင်ငံက လက်တွေ့ အခြေအနေတွေကို အကဲဖြတ်ဖို့၊ အစိုးရကို အကြံပေးဖို့နဲ့ အနာဂတ် စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ADB နဲ့ IMF တို့ မြန်မာနိုင်ငံကို သွားခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း တိုင်ပင်ဆွေးနွေးမှုတွေဟာ သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းက လူတွေနဲ့ ထိတွေ့ ပြောဆိုနိုင်ဖို့ အရေးကြီးတယ်လို့လည်း နှီးနှောဖလှယ်ပွဲမှာ ပင်တိုင် ဆွေးနွေးသူ တဦးအဖြစ် ပါဝင်ခဲ့တဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့က မခင်ဥမ္မာက ပြောပါတယ်။

"ကျမတို့မြင်တာက အခုလို ဘဏ်တွေပေါ့နော်- နိုင်ငံတကာက ငွေကြေးရန်ပုံငွေအဖွဲ့တွေ၊ ကမ္ဘာ့ဘဏ်တွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်တွေက ဝင်လာမယ်ဆိုရင် သူတို့ကလည်း သူတို့ဝင်လာတဲ့အချိန်မှာ ငွေထုတ်ကြီး ပိုက်လာပြီးတော့မှ ကျမတို့ပြည်သူတွေကို ရေတွင်းတူးမလား၊ မြောင်းဖောက် မလား၊ ကျောင်းဆောက် မလားဆိုတာမျိုး မဟုတ်ဘဲနဲ့ ကျမတို့ပြည်သူတွေ လိုချင်တဲ့ ဖွံ့ဖြိုးရေးဆိုတာ ဘာလဲဆိုတာကို ပြည်သူ့ဆီ က မှန်ကန်တဲ့အသံ ကြားဖို့အတွက် လမ်းဖွင့်ပေးရမယ်။"

မြန်မာနိုင်ငံမှာ မကြာသေးခင် အချိန်တိုအတွင်း အပြောင်းအလဲတွေ တွေ့မြင်ခဲ့ရတဲ့ အပေါ်မှာတော့ နိုင်ငံ တကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေက အားတက်စကား ပြောခဲ့ကြတာပါ။ ဒါပေမဲ့လည်း အကျင့်ပျက်ခြစားမှုတွေ ကြီးကြီးမားမား ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်း မြင်သာမှုတွေ၊ တာဝန်ခံမှုတွေ ရှိဖို့လည်း လိုမယ်လို့ သတိပေးခဲ့ကြတာပါ။ အပြောင်းအလဲတွေနဲ့အတူ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာနိုင်မယ့် မျှော်လင့်ချက်တွေလည်း ရှိနေတာမို့ ဒီလို စီးပွားရေးလုပ်ငန်းတွေ ဝင်လာတဲ့ အခါ ဒေသခံ လူမှုအသိုင်းအဝိုင်းတွေနဲ့ ပတ်ဝန်းကျင် ထိခိုက် နစ်နာမှုတွေ မဖြစ်ရလေအောင် အစီအမံတွေ လည်း လိုမယ်လို့ ဆွေးနွေးသူတွေက တညီတညွတ်တည်း ပြောခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG