သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ မြန်မာ ခရီးစဉ် အတည်ပြု


မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရေးမှာ အရေးကြီးတဲ့အခြေအနေဖြစ်သလို ကြီးမားတဲ့ တိုးတက် ဖြစ်ထွန်းမှုတရပ်ဖြစ်တယ်လို့ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ Catherine Ashton က ပြောလိုက်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ အရှိန်ပိုရလာဖို့ EU အနေနဲ့ မြန်မာနိုင်ငံနဲ့ တတ်တတ်ကြွကြွ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်သလို သူ့အနေနဲ့လည်း မြန်မာနိုင်ငံကို အခုလကုန်ပိုင်းမှာ သွားရောက်ဖို့ရှိတယ်လို့ EU နိုင်ငံခြားရေးအကြီးအကဲက ပြောလိုက်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့အကြား ယုံကြည်မှုတည်ဆောက်နိုင်တဲ့ အခြေအနေတွေကို မြင်တွေ့နေရပြီလို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒပိုင်းဆိုင်ရာ အကြီးအကဲ Catherine Ashton က မနေ့တုန်းက ဥရောပပါလီမန်မှာ ပြောသွားတာပါ။ EU ရဲ့ မြန်မာအပေါ် မူဝါဒပိုင်းဆိုင်ရာ ပြန်သုံးသပ်တဲ့အခါမှာ အဓိကအားဖြင့်တော့ မကြာသေးခင်တုန်းက နယ်ပယ်သုံးခုအတွင်း ဖြစ်ထွန်းတိုးတက်မှုတွေကို ပြန်ကြည့်ရမယ်လို့ Ms.Ashton က ပြောပါတယ်။

ပထမဆုံးအချက်ကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာပိုင်တွေ အကြား ပြန်လည်ရင်ကြားစေ့ရေး၊ ဒုတိယ အချက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှုကိစ္စနဲ့ တတိယအချက်ကတော့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းကြိုးပမ်းမှုတွေ ဖြစ်တယ်လို့ ဆိုသွားပါတယ်။ မကြာသေးခင်တုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ကြီးမားတဲ့ ဖြစ်ထွန်းတိုးတက်မှုကြီး တရပ်အဖြစ်နဲ့ Ms.Ashton က သုံးသပ်ပါတယ်။

“မဲလိမ်မှုတွေ အကြီးအကျယ်ရှိခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ယှဉ်ရင်တော့ ဒါဟာ အတော်ကြီးကို တိုးတက်လာတဲ့အခြေအနေပါ။ အပြောင်းအလဲအတွက် နှစ်ငါးဆယ်လောက် စိတ်ပျက်လက်ပျက် အခြေအနေတွေနဲ့ စိတ်ရှည်ရှည်စောင့်ဆိုင်းခဲ့ရတဲ့ မြန်မာလူထုအတွက်တော့ ဘာမှ မဟုတ်လောက်တဲ့အခြေအနေတွေဆိုပေမယ့် ဒါဟာ အရေးကြီးတဲ့ဖြစ်ရပ်တွေပါ။

"နိုင်ငံရေးအကျဉ်းသား အတော်များများ လွတ်မြောက်လာတာနဲ့ပတ်သက်လို့ အသိအမှတ်ပြု ချီးကျူးပေမယ့်လည်း တဘက်မှာ အရေအတွက် ခန့်မှန်းလို့မရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေအတွင်း ကျန်နေသေးတယ်ဆိုတာကိုလည်း Catherine Ashton က ထောက်ပြခဲ့ပါတယ်။ ဒီကျန်သူတွေ လွတ်မြောက်ရေးကိုလည်း EUအနေနဲ့ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
EU နိုင်ငံခြားရေးအကြီးအကဲ Catherine Ashton ကိုယ်တိုင် ဦးဆောင်တဲ့ EU ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ဟာ မကြာခင်မှာ မြန်မာ နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပါပြီ။ အစိုးရကိုရော အတိုက်အခံကိုပါ တွေ့ဆုံသွားမှာဖြစ်တယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရုံး ပြောခွင့်ရသူ Mara Kocijancic က ဗွီအိုအေကို ပြောပါတယ်။

“ခရီးစဉ်အတွက် ရက်သတ်မှတ်တာမျိုး နောက်ဆုံးအဆင့်တော့ မရောက်သေးပါဘူး။ ဒါပေမယ့် ခရီးစဉ် ကတော့ ဧပြီ ၂၈ ရက်နေ့နဲ့ ဧပြီ ၃၀ ကြား ဖြစ်ဖို့ များပါတယ်။ EU ကိုယ်စားလှယ်အနေနဲ့ သမ္မတနဲ့ ဝန်ကြီးတွေအပါအဝင် အစိုးရအဖွဲ့ဝင်တွေရော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်းဆောင်တွေကိုပါ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။”

ဒီ ခရီးစဉ်မထွက်ခင်မှာတော့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို ပြန်လည်သုံးသပ်ပြီး၊ ဆုံးဖြတ်ချက်တခု ချဖွယ်ရှိနေပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အပြုသဘောဆောင်တဲ့ အခြေအနေဖြစ်ဖို့များတယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။

“EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အခုလာမယ့် တနင်္လာနေ့ ဧပြီ ၂၃ ရက်နေ့ မှာ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ထားမှုတွေ ကိစ္စကို ဆွေးနွေးကြမှာပါ။ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုမျိုးဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။”

လက်ရှိ မြန်မာနိုင်ငံအခြေအနေကို တုံ့ပြန်ဖို့ EU ဥရောပသမဂ္ဂအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်း ရုံတင်မလုံလောက်ဘဲ EU ကုမ္ပဏီတွေ မြန်မာနိုင်ငံတွင်း အခွင့်အလမ်းကောင်းတွေ ရှာဖွေနိုင်အောင်နဲ့ တဘက်မှာလည်း ဒီလုပ်ငန်းကုမ္ပဏီတွေအနေနဲ့ မြန်မာ ပြည်သူတွေအပေါ် လူမှုဝတ္တရားတွေရှိတယ်ဆိုတာ အသိစိတ်နဲ့ တာဝန်ယူဖို့ပါ အားပေးတိုက်တွန်းဖို့ လိုမယ်လို့ Ms.Ashton က EU ပါလီမန်ကို ပြောပါတယ်။ သူ့အနေနဲ့ လာမယ့် မြန်မာခရီးစဉ်အတွင်း တိုင်းရင်းသားဒေသတွင်း တည်ငြိမ်ဖွံ့ဖြိုးမှုတွေအတွက်ပါ ကြိုးစားသွားချင်တယ်လို့ EU ပါလီမန်ကို ပြောပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ တည်ငြိမ် အေးချမ်းမှုတွေရဖို့ ဆောင်ရွက်သွားချင်ပါတယ်။ ဒီ ဒေသတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေရှည် အမြင်နဲ့ ဆောင်ရွက်ရမှာပါ။ အဲဒီ ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးနဲ့ တည်တံ့တဲ့ ငြိမ်းချမ်းမှုတွေဖြစ်လာဖို့ ဆောင်ရွက်တဲ့နေရာမှာ အဖွဲ့ဝင်အားလုံးက ကျမကို ကူညီထောက်ခံမယ်လို့ ယူဆပါတယ်။ ဖြစ်ထွန်းမှုတွေအားလုံးမှာ အစိုးရနဲ့ရော အတိုက်အခံနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားကြရမှာပါ။”

မြန်မာနိုင်ငံအတွင်းပြုပြင်ပြောင်းလဲတွေအရှိန်ကောင်းလာဖို့နဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဖွံံ့ဖြိုး တိုးတက်မှုတွေအတွက် EU အနေနဲ့ မြန်မာနိုင်ငံနဲ့ တတ်တတ်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Ms.Ashton က ပြောသွားပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက EU ပါလီမန်က ပေးထားတဲ့ Sakhrov ဆုကို ကိုယ်တိုင် လက်ခံယူနိုင်ဖို့ မကြာခင် EU ပါလီမန်ကို လာရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း Catherine Ashon က EU ပါလီမန်အတွင်းမှာ မနေ့တုန်းက ပြောခဲ့ပါတယ်။

XS
SM
MD
LG