သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားရေနံမြေ တောင်ဆူဒန်သိမ်းယူမှု ကုလကန့်ကွက်


ရေနံတွင်းတွေရှိရာ Heglig မြို့ကို တောင်ဆူဒန်က သိမ်းပိုက်လိုက်တာဟာ တရားဝင်မှုမရှိသလို အိမ်နီးချင်း ဆူဒန်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။

နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်းပြောထားတဲ့ ရေနံကြွယ်ဝရာ နယ်စပ်ဒေသကနေ တောင်ဆူဒန်တပ်ဖွဲ့တွေ ဖယ်ရှားပေးဖို့ ကြာသပတေးနေ့က ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းထောက်တွေကို ပြောလိုက်တာပါ။ ဆူဒန်နိုင်ငံအနေနဲ့လည်း တောင်ဆူဒန်နယ်မြေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကို ရပ်တန့်ပြီး အငြင်းပွားနေတဲ့ Abyei ဒေသက ဆုတ်ခွာဖို့ တောင်းဆို သွားပါတယ်။

တောင်ဆူဒန်နိုင်ငံက စေ့စပ်ညှိနှိုင်းသူအဖွဲ့ရဲ့ အကြီးအကဲ Pagan Amum ကတော့ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ အသင့်ရှိတဲ့အကြောင်း ပြောခဲ့တာပါ။ ပိုင်ဆိုင်မှုအတွင်း အငြင်းပွားနေတဲ့ နယ်မြေတွေ ကနေ နှစ်ဘက်စလုံး ပြန်လည်ဆုတ်ခွာပြီး အချေအတင် ဖြစ်နေရတာတွေကို နိုင်ငံတကာက ကြားဝင်ဖြေရှင်းပေးဖို့ လိုလားကြောင်းလည်း ပြောသွားပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ ဆူဒန်သမ္မတ Omar al-Bashir ကတော့ တောင်ဆူဒန်နဲ့ စစ်ပွဲကြီးတခု အဆင့်ကို ရောက်လာနိုင်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။ တောင်ဆူဒန် အာဏာရ SPLM ပါတီကို အင်းဆက်တကောင်အဖြစ် ရည်ညွန်းပြီး ချေမှုန်းပစ်မယ်လို့လည်း ဆူဒန် သမ္မတက ပြောခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG