ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တက်ရောက်ရေး ကိစ္စဟာ ခုချိန်ထိ မသေချာသေးဘူးလို့ NLD ပါတီက ဒီကနေ့ ထပ်ပြောပါတယ်။ NLD ရုံးချုပ်မှာ ဒီကနေ့ လုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အဲဒီလိုပြောခဲ့တာပါ။ ပြေလည်ဖို့ ဆက်ကြိုးစားသွားမှာဖြစ်ပြီး တာဝန်ရှိသူတွေဆီ ပေးပို့ဖို့ စာတစောင် ပြင်ဆင်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
လွှတ်တော်အစည်းအဝေးတွေ ပြန်ကျင်းပဖို့က ဒီကနေ့ကနေဆိုရင် သုံးရက်ပဲလိုတော့ပြီး လွှတ်တော် တက်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဧပြီလ ၂၂ ရက်နေ့အရောက် နေပြည်တော်မှာ သတင်းပို့ ကြရမှာပါ။ ဒါပေမဲ့လည်း NLD က လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ရေးကိစ္စကတော့ ခုချိန်ထိ မပြေလည်သေးဘဲ ရှိနေဆဲပါ။ အခုပြန်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့တော့ NLD ဘက်က ယတိပြတ်မပြောသေးပါဘူး။
“ကျနော် ပထမပြောမယ်၊ ၂၃ ရက်နေ့မှာတက်ရမယ့် လွှတ်တော်အစည်းအဝေးတွေကို NLD လွှတ်တော် ကိုယ်စားလှယ်တွေ တက်ဖို့ မသေချာသေးဘူး။ အဲဒါက တချက်- နောက်ပြီး ဘာ့ကြောင့် မသေချာသလဲ။ မနေ့က ကျနော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို သွားခဲ့ပါတယ်။ ခုံရုံးက ဖိတ်လို့ပါ။ ဘာအတွက်လဲ ဆိုတော့ အဲဒီ ဇယား (၄) ကိစ္စနဲ့ ပတ်သက်ပြီးတော့ ခုံရုံးက သူ့ရဲ့ ဥပဒေ အမြင်တွေကိုရှင်းပြတယ်။ ဒါက နိုင်ငံအသီးသီးမှာ ကျင့်သုံးနေတဲ့ကိစ္စတွေနဲ့ ကျနော်တို့ ကိစ္စတွေနဲ့ -ကျနော်တို့ ဇယား(၄) နဲ့ ဆက်စပ်မှုကို၊ ဆိုလိုတာကတော့ ကျနော်တို့ ဇယား (၄) မှာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်လို့ ဗမာလို ပါလာတယ်။ အင်္ဂလိပ်ဘာသာပြန်အဖွဲ့က ‘uphold’ လို့ သုံးတယ်။ ‘uphold’ ဆိုတဲ့စကားကို နိုင်ငံတကာ မှာလည်း သုံးကြောင်း ကျနော့်ကို ရှင်းပြတယ်။”
NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒီကနေ့ NLD ရုံးချုပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောသွားတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပေမဲ့ ရှင်းပြတဲ့ အချက်အားလုံး ထဲမှာ သဘောမတူတာတွေတော့ရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမဲ့လည်း အခုကိစ္စဟာ အမှုအခင်းဖြစ်နေတာ မဟုတ်တဲ့အတွက် သူတို့ဘက်က ပြန်လည်ဆွေးနွေးတာ မျိုးတော့ မလုပ်ခဲ့ဘူးလို့ဆိုပါတယ်။ သူ သဘောမတူတဲ့အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောမတူဘူးလို့ ပြောပါတယ်။ NLD ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် ပြန်ပြီးမှတ်ပုံတင်နိုင်ဖို့နဲ့ ရွေးကောက်ပွဲဝင်နိုင်ဖို့အတွက် မြန်မာအာဏာပိုင်တွေက လိုအပ် တဲ့ဥပဒေတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။
အဲဒါကြောင့်လည်း ရွေးကောက်ပွဲတောင် ဝင်ခဲ့ပြီး လွှတ်တော်တက်ခါနီးကျကာမှ လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ထဲမှာပါတဲ့ ဝေါဟာရနဲ့ပတ်သက်လို့ အငြင်းပွားနေတာပါ။ ၂၀၀၈ ခုနှစ်က အငြင်းပွားဖွယ် အတည်ပြုခဲ့တဲ့ အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုတဲ့ စကားအစား လေးစားလိုက်နာပါ မည်ဆိုတဲ့စကားနဲ့ အစားထိုးပေးဖို့ NLD ပါတီဘက်က တင်ပြထားတာ မပြေလည်သေးတာဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီကိစ္စ ပြေလည်သည်ထိ ဆက်ကြိုးစားသွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ လူကြီးတွေကို ဒီ အခြေအနေတွေကို ရှင်းပြတယ်။ ရှင်းပြတဲ့ အခါမှာ စောစောက ကျနော်ပြောသလို ကျနော် သဘောမတူတဲ့အချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ကလည်း သဘောမတူပါဘူး။ အဲဒီတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြီးပြတ်အောင်၊ ပြေလည်အောင် ကျနော်တို့ ကြိုးစားပါမယ်။ အခု ကျနော် စာရေးနေတယ်။ စာရေးတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ကျနော် ရေးနေတာ ဖြစ်တယ်။ ဒီစာကို သက်ဆိုင်ရာတွေကို ကျနော်တို့ ပို့ပါ့မယ်။”
NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တောက်လျှောက်ဖြစ်နေပြီး နှစ်ပေါင်းများစွာအတွင်း ဘယ်သူမှ မတွေးနိုင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးတာကနေစပြီးတော့ လွှတ်တော်နိုင်ငံရေးထဲကို ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီတို့ ဝင်လာနိုင်တဲ့အတွက် ပြည်တွင်း ပြည်ပက အားရဝမ်းသာဖြစ်နေကြတာပါ။ အဲဒါကြောင့်လည်း ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းတာ၊ လျှော့ပေးတာတွေ၊ အကူအညီ အထောက်အပံ့ ပြန်ပေးဖို့ ပြောဆိုတာတွေလည်း ဆက်တိုက်လို ဖြစ်လာတာပါ။
အခုလို လွှတ်တော်တက်ရေးကိစ္စ မပြေမလည်ဖြစ်နေတာကနေပြီး မြန်မာ့နိုင်ငံရေးအခြေအနေ ရှေ့မတိုး နောက်မဆုတ်နဲ့ ဖြစ်နေလေမလားဆိုတဲ့ စိုးရိမ်ချက်တချို့ ရှိနေပါပြီ။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ကနေ ရွေးကောက်ခံထားရတဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးအုန်းကြိုင်ကတော့ ပြေလည်ဖို့ မျှော်လင့်ချက်ရှိနေဆဲပါ။
“ဟိုတုန်းကလည်း သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ညှိနှိုင်းပြီးတော့ပေါ့ဗျာ-သဘောတူညီချက် ရပြီးတော့ ဆက်ပြီးတော့ တွဲလုပ်ဖို့ ဖြစ်လာကြတာပဲလေ။ အခုလည်းပဲ အဲဒီလို ဆက်လက်ညှိနှိုင်းဖြစ်မယ်လို့ ထင်တာပဲ။ ကျနော်ကတော့ အဲဒီလို မျှော်လင့်တယ်။ ပြေလည်အောင် ညှိရမယ်လို့ ထင်တာပဲ။”
လွှတ်တော်တက်ရေးကိစ္စ မရေမရာရှိနေချိန်မှာပဲ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို အခြေခံဥပဒေ ရေးရာနဲ့ လွှတ်တော်တွင်း လုပ်ငန်း လုပ်ဆောင်ပုံတွေ၊ လုပ်ထုံးလုပ်နည်းတွေအကြောင်း ဆက်ပြီး သင်တန်းပေးနေဆဲပါ။ ဒီသင်တန်းကို လွှတ်တော်တက်ဖို့ နေပြည်တော်မှာ စာရင်းသွားပေးရမယ့် ဧပြီလ ၂၂ ရက်နေ့ထိ ဆက်လုပ်သွားဖို့ စီစ ဉ်ထားပါတယ်ခင်ဗျား။