မြန်မာသမ္မတဦးသိန်းစိန်ဟာ သမိုင်းဝင် ဂျပန်နိုင်ငံခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါပြီ။ ငါးရက်ကြာ ဒီခရီးစဉ်မှာ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးတခုနဲ့အတူ ဂျပန် ဝန်ကြီးချုပ်နဲ့ နှစ်နိုင်ငံအရေး သီးခြား ဆွေးနွေးတာ တွေကိုလည်း လုပ်ဖို့ရှိပါတယ်။ ဒီခရီးစဉ်တခုလုံးမှာ အဓိကအကျဆုံး ဖြစ်နိုင်စရာ ကိစ္စကတော့ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို ပြန်ဆပ်ဖို့ရှိတဲ့ ကြွေးမြီတွေကိစ္စနဲ့ အကူအညီ အထောက်အပံ့တွေ ပြန်ရဖို့ကိစ္စတွေပဲဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံအကြီးအကဲတယောက်အနေနဲ့ ၂၈ နှစ်အတွင်း ဂျပန်နိုင်ငံ ပထမဆုံးခရီးစဉ်ကို ဒီကနေ့မှာပဲ သမ္မတ ဦးသိန်းစိန်က စတင် လိုက်တာပါ။ မြန်မာသမ္မတရဲ့ ဒီကနေ့ ဂျပန်နိုင်ငံက အစီအစဉ်တွေ အပါအဝင် နောက်ရက်တွေရဲ့ အစီအစဉ် တွေကိုတော့ ဂျပန်နိုင်ငံခြားရေးဌာန၊ ဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စတာ မဆရု ဆတို့ (Masaru Sato) က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“ဒီကနေ့မှာ ထူးခြားတဲ့အစီအစဉ်တော့ မရှိပါဘူး။ ဘုရင့်နန်းတော်မှာ လက်ဘက်ရည်ပွဲနဲ့ တည်ခင်း ဧည့်ခံတာရှိပါတယ်။ ဒီညနေပိုင်းမှာ ဂျပန် ဝန်ကြီးချုပ် နိုဒ (Yoshihiko Noda) ရဲ့ ကြိုဆိုပွဲ အခမ်းအနား ရှိပါမယ်။ ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေးကို မနက်ဖြန်မနက်ပိုင်းမှာ ကျင်းပပါမယ်။ ပြီးတဲ့နောက် ပူးတွဲသတင်း ထုတ်ပြန်ချက် ထွက်ဖို့ ရှိပါ တယ်။ နေ့လည်ပိုင်းမှာတော့ ဂျပန်-မြန်မာ နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေးနဲ့အတူ လက်မှတ်ထိုးအခမ်းအနားရှိပါတယ်။ အဲဒီ နောက်မှာ ပူးတွဲသတင်း ထုတ်ပြန်ချက် တရပ် ထုတ်ပြန်မှာဖြစ်ပြီး ညပိုင်းမှာတော့ ဂျပန် ဝန်ကြီးချုပ်က ညစာနဲ့ တည်ခင်း ဧည့်ခံပါ့မယ်။ အဲဒါက နှစ်နိုင်ငံကြားလုပ်ဖို့ စီစဉ်ထားတဲ့ နောက်ဆုံးအစီအစဉ်ပါပဲ။” - လို့ မစ္စတာ မဆရုက ပြောပါတယ်။
သမ္မတရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မေးမြန်းဖို့ တိုကျိုမြို့က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း လက်ခံ ပြီး ဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။ မြန်မာသမ္မတ ဂျပန်နိုင်ငံဆီ သွားမယ်ဆိုကတည်းကိုက မြန်မာက ဂျပန်ကို ပြန်ပေးဆပ်ဖို့ရှိနေတဲ့ အကြွေးကိစ္စ၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေ၊ ထောက်ပံ့ငွေနဲ့ နည်းပညာအကူအညီတွေ ပြန်ပေးရေးကိစ္စတွေကို အဓိကထားပြီး သတင်းတွေမှာ ဖော်ပြနေကြတာပါ။ အခုရက်ပိုင်းအတွင်းမှာလည်း မြန်မာနိုင်ငံက ပြန်ပေးဆပ်ဖို့ရှိနေတဲ့ ချေးငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃,၇၀၀ နီးပါးကို လျှော်ပေးဖို့ မြန်မာသမ္မတက ကြိုးစားမှာဖြစ်သလို ဂျပန်နိုင်ငံဘက် ကလည်း စဉ်းစားနေ တယ်ဆိုတဲ့သတင်းတွေ ဂျပန်သတင်းမီဒီယာတွေမှာ တွေ့နေရပါတယ်။
ဒါပေမဲ့လည်း မစ္စတာမဆရုကတော့ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောဖို့ ငြင်းပါတယ်။
“ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ အစီအစဉ်တရပ်ကိုချမှတ်ဖို့ ကျနော်တို့ ပြင်ဆင်နေတာတွေ နောက်ဆုံးအဆင့် ရောက်နေပါပြီ။ ပြီးပြည့်စုံ ပြီး ကျယ်ပြန့်တဲ့ ဖြေရှင်းမှုမျိုးရဖို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကြေညာဖို့ ကျနော်တို့ အဆင်သင့် မဖြစ်သေးတဲ့အတွက် အသေးစိတ် တွေကိုတော့ ကျနော် မပြောနိုင်သေး ပါဘူး။ အစီအစဉ်အပြည့်အစုံကို မနက်ဖြန်ထုတ်ပြန်မယ့် ပူးတွဲထုတ်ပြန်ချက်ထဲမှာ ကြေညာမှာ ဖြစ်ပါတယ်။” - လို့ မဆရု ဆတို့က ပြောပါတယ်။
နောက်ထပ် ချေးငွေတွေ ထပ်ပေးဖို့အတွက် လက်ရှိကျန်နေသေးတဲ့ အကြွေးကိစ္စ ပြေလည်ရေးက အရေးကြီး သလို ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ လူထုအနေနဲ့ အပြောင်းအလဲတွေကို အစစ်အမှန် ခံစားနိုင်ရေးအတွက် ODA လို့ ခေါ်တဲ့ ပင်လယ်ရပ်ခြား ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အထောက်အပံ့တွေ ပြန်ပေးဖို့ကလည်း အရေးကြီးပါတယ်လို့ မဆရု ဆတို့က ဗွီအိုအေကို ပြောထားပါတယ်။
မြန်မာနိုင်ငံက အပြောင်းအလဲတွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားအောင် အားပေးဖို့ ဂျပန်အစိုးရ ဘက်က မြန်မာသမ္မတကို ပြောလိမ့်မယ်လို့ ယူဆသူကတော့ မြန်မာစကားရေလည်စွာပြောတတ်တဲ့ ဂျပန်နိုင်ငံသား ဝါရင့်သတင်းစာဆရာ ဟောင်းကြီးတဦး ဖြစ်သူ ဦးရွှေဘ ခေါ် မစ္စတာ ဟိဆအို့ တနဘဲ့ (Hisao Tanabe) ပဲ ဖြစ်ပါတယ်။
“နောက်ပြန်လှည့်ဖို့ မဟုတ်ဘဲနဲ့ ဒီအတိုင်းဆက်ပြီးတော့ ရှေ့ရှုသွားဖို့ဆိုတာကို အားပေးရင်းနဲ့ တကယ့် ဒီမိုကရေစီအတွက် ပြင်လာပြီဆိုရင်တော့ ဂျပန်အနေနဲ့ စီးပွားရေး အကူအညီပေးဖို့ အဆင်သင့်ဖြစ်တယ်၊ ဂျပန် လုပ်ငန်းရှင်တွေအနေနဲ့လည်း ဗမာပြည်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှု ရှိတယ်။ စီးပွားရေးလုပ်ငန်း လုပ်ချင်နေတဲ့စိတ် ပြင်းပျနေတယ်ဆိုတာမျိုးကို ဦးသိန်းစိန်ကို ဂျပန်ဘက်က ပြောပြဖို့ ရှိမယ်လို့ ကျနော် ယူဆပါတယ်။”
ဂျပန်နိုင်ငံဟာ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံကို ထောက်ခံအားပေးပြီး အကူအညီတွေ တောက်လျှောက် ပေးလာခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် အခုလို အပြောင်း အလဲတွေ ဖြစ်နေချိန်မှာ အဲဒီအစဉ်အလာကို ဆက်ထိန်းသိမ်းပြီး အကူအညီတွေ အပြည့်အ၀ ပြန်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ပဲ ဆိုရမှာပါခင်ဗျား။