သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၊ ဖိလစ်ပိုင် ဆက်လက်တင်းမာ


တောင်တရုတ်ပင်လယ်ပြင်ထဲမှာ နယ်မြေပိုင်တဲ့အငြင်းပွားမှုတွေ ဆက်ပြီး ဖြစ်နေချိန်မှာပဲ ဒီလို အငြင်းပွားနေတဲ့ ကျွန်းတွေနားကို တရုတ်နိုင်ငံက နောက်ထပ် စစ်သင်္ဘောတစင်း ထပ်ပြီး စေလွှတ်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။

ပြဿနာဖြစ်နေတဲ့အခြေအနေကို ပိုပြီး ရှုပ်ထွေးအောင် မလုပ်ဆောင်ဖို့ သဘောတူညီထားတဲ့ကြားကနေ တရုတ်နိုင်ငံက ဘာ့ကြောင့် ချိုးဖောက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရက တရုတ် အာဏာပိုင်တွေကို မေးမြန်းဖို့ စီစဉ်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ရာအောလ်၊ ဟာနန်ဒတ်ဇ် (Raul Hernandez) က ပြောပါတယ်။

တရုတ်နိုင်ငံက ခေတ်မီလာတဲ့ ငါးဖမ်းမှုဆိုင်ရာ ကင်းလှည့်ရေယာဉ် Yuzheng 310 ဟာ သောကြာနေ့က Scarborough Shoul ရေပြင်ပိုင်နက်အလွန်ကို ရောက်လာခဲ့တာပါ။ ဒီသင်္ဘောဟာ တရုတ်ရေပြင် ပိုင်ဆိုင်ခွင့်ကို ကာကွယ်ဖို့နဲ့ တရုတ်ငါးဖမ်းသမားတွေရဲ့ လုံခြုံရေးအတွက် ဒီဒေသမှာ ပုံမှန်ကင်းလှည့်မှာ ဖြစ်တယ်လို့ တရုတ်အစိုးရ ဆင်ဟွာသတင်းက ပြောပါတယ်။

နှစ်နိုင်ငံ အငြင်းပွားမှုဖြစ်နေတဲ့ စကာဘိုရိုဆိုးလ် ဒေသနားမှာ ငါးဖမ်းနေကြတဲ့ တရုတ်တံငါသည်တွေကို ဖိလစ်ပိုင် စစ်သင်္ဘောက မဖမ်းဆီးနိုင်အောင် ကာကွယ်ဖို့ တရုတ်နိုင်ငံက စောင့်ကြည့်ရေးသင်္ဘောတွေ ချထားခဲ့တဲ့အချိန်က စပြီး ပြဿနာဖြစ်နေတာဟာ အခုဆိုရင် ဆယ်ရက်ကြာလာပြီ ဖြစ်ပါတယ်။ သောကြာနေ့ကတော့ တရုတ်နိုင်ငံက ဒီဒေသကို ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို မကျေနပ်ကြတဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေဟာ မနီလာမြို့တော်က တရုတ်သံရုံးရှေ့မှာ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG