သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခြိမ်းခြောက်မှုအန္တရာယ် ကြီးမား


မြောက်ကိုရီးယားရဲ့ နောက်ဆုံးခြိမ်းခြောက်မှုအပေါ် တောင်ကိုရီးယား နိုင်ငံဘက်က အလေးအနက် ထား တုံ့ပြန်မှုတွေ ရှိနေပါတယ်။ ကြိုတင် မခန့်မှန်းနိုင်တဲ့ ပုံစံတွေနဲ့ တောင်ကိုရီးယားအပေါ် အထူး စစ်ဆင်ရေးတွေ ဆင်နွှဲမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် ဆိုးလ်မြို့တော်မှာရှိတဲ့ သတင်းဌာန ၉ ခု အနီးဝန်းကျင်မှာ ရဲတွေက လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်တာပါ။

တောင်ကိုရီးယားကို ပြာပုံ ဖြစ်အောင် မြောက်ကိုရီးယားက ချေမှုန်းနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့တာဟာ ပြင်းထန်ပြီး အန္တရာယ်ကြီးတဲ့ သတိပေးချက် တခု ဖြစ်တဲ့ အကြောင်းလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Cho Byung-je က ပြောလိုက်ပါတယ်။ ကြုံလာနိုင်တဲ့ အခြေအနေတွေအတွက် အသင့်ပြင်ဆင်ထားဖို့ အစိုးရနဲ့ စစ်တပ်က လုံခြုံရေး တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ် လို့လည်း ပြောခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ စစ်ရေးအရ ရန်စမှုမျိုးတွေကိုလည်း တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ သတိပေးသွားပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကတော့ မြောက်ကိုရီးယားရဲ့ စစ်ရေး အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေပေမဲ့ သမားရိုးကျ လှုပ်ရှားမှု တစုံတရာတော့ မတွေ့ရသေးဘူး လို့ ပြောခဲ့တာပါ။ ဒီအတွက်လည်း မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မယ့် အစီအစဉ်တွေဟာ သမားရိုးကျ စစ်ရေးနည်းလမ်းမျိုး မဟုတ်ပဲ အစိုးရနဲ့ သတင်း မီဒီယာတွေ အပေါ် အင်တာနက်ကနေ ဆိုက်ဘာ တိုက်ခိုက် မှုတွေလို ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်လာပါတယ်။

XS
SM
MD
LG