သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကနေဒါ ရုပ်သိမ်း


မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရပိတ်ဆို့မှုတွေရှိခဲ့ရာမှာ အပြင်းထန်ဆုံး လို့ ပြောနိုင်တဲ့ ကနေဒါနိုင်ငံက မြန်မာပြည်အပေါ် အရေးယူမှုတွေကို အခု ဆိုင်းငံ့လိုက်ပါပြီ။ မြန်မာနိုင်ငံ တွင်း ဖြစ်ထွန်းမှုတွေကြောင့် အခုလို အရေးယူမှုတွေ ယာယီ ဆိုင်းငံ့ထား လိုက်တာ ဖြစ်ပေမဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို မပြတ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က မနေ့က ကနေဒါ ပါလီမန်မှာ ကြေညာသွားတာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက ပြောပြပါမယ်။

မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ဆိုင်းငံ့ထားလိုက်ပြီဆိုတာကို မနေ့က ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird ကိုယ်တိုင် ကနေဒါပါလီမန်မှာ ကြေညာသွားတာပါ။ မြန်မာနိုင်ငံတွင်းက သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အတော် များများ လွတ်မြောက်လာပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် ပတ်သက်လာတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်လာတာတွေဟာ အရေးပါတဲ့ ဖြစ်ထွန်း မှုတွေ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Baird က ပြောပါ တယ်။ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့် လုပ်လာမယ်ဆိုရင် မြန်မာအပေါ် အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းမှာဖြစ်တယ်လို့ ဆိုတဲ့ ကတိအတိုင်း အခုလို ဆောင်ရွက်တာလို့ Mr.Baird က ပြောပါတယ်။

“ကနေဒါအနေနဲ့ မြန်မာနိုင်ငံအပေါ် ကတိပြုထားတဲ့အတိုင်းပဲ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ကို ယာယီဆိုင်းငံ့လိုက်ပြီဆိုတာကို ဝမ်းမြောက်စွာနဲ့ ပြောလိုပါတယ်။ ပို့ကုန်၊ သွင်းကုန်နဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ တားမြစ်ချက်တွေအတော်များများကို ယာယီရုပ်သိမ်း လိုက်တာပါ။”

ဒါပေမယ့်လည်း အရေးယူမှုအချို့တော့ ဆက်ပြီးကျန်နေပါသေးတယ်။ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက် လာတဲ့ကိစ္စတွေမှာပါ။ အခု ပြောင်းလဲမှုတွေဟာ နုနယ်သေးတာမို့ စောင့်ကြည့်သွားရမှာဖြစ်ပြီး လိုအပ် လာမယ်ဆိုရင်တော့ ဒီအရေးယူမှုတွေ ဆက်လုပ်ဖို့လည်း အသင့်ရှိတယ်ဆိုတာကိုလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ပြောပါတယ်။

“အခြေအနေတွေအပေါ် သုံးသပ်ကြည့်ရရင်တော့ ပြောင်းလဲမှုတွေဟာ နုနယ်သေးတာမို့ အချိန်မရွေး ပျက်ယွင်းသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့လည်း လက်နက်ရောင်းဝယ်မှု တားမြစ်ချက်တွေ၊ စစ်ရေးနဲ့ ပတ်သက်လို့ နည်းပညာနဲ့ ငွေကြေးဆိုင်ရာအလွဲှအပြောင်းကိစ္စ အရေးယူထားတာတွေကိုတော့ ဆက် ထားပါတယ်။ ဖြစ်ထွန်းမှုတွေကို ကနေဒါနိုင်ငံအနေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်သွားပါ မယ်။ ပြုပြင်ပြောင်းလဲမှုတွေ နောက်လှည့်သွားရင် ပြုပြင်ပြောင်းလဲမှုတွေကို ပယ်ဖျက်လိုက်ပြီဆိုရင်တော့ အခု ဆိုင်းငံ့ထားတဲ့ အရေးယူမှုတွေကို ပြန်လည် ချမှတ်ကျင့်သုံးဖို့လည်း အဆင်သင့်ရှိပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး John Baird ဟာ ပြီးခဲ့တဲ့လအတွင်းမြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်ကိုရော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့ပါတယ်။ အခုလို အရေးယူမှုတွေ ဆိုင်းငံ့မယ်ဆိုတဲ့အပေါ် ဆွေးနွေးချက်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သဘောတူခဲ့တယ်လို့ ပြောပါတယ်။ တဘက်မှာတော့ မြန်မာအစိုးရအတွင်းမှာ အပျော့၊ အမာ အခြေအနေတွေ ရှိတယ်ဆိုတာကို သုံးသပ်မိပြီး အခု ခြေလှမ်းတွေဟာ ပြုပြင်ပြောင်းလဲလိုတဲ့ အုပ်စုကို အားပေးလိုတဲ့သဘော ဖြစ်တယ်လို့ ပြောသွားပါတယ်။

“အစိုးရအတွင်းထဲမှာ သမ္မတအပါအဝင် ပြုပြင်ပြောင်းလဲလိုသူအချို့ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သူတွေလည်းရှိပါတယ်၊ နောက် အခြေအနေကို ထိုင်စောင့်ကြည့် နေသူတွေလည်း ရှိပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒီ စောင့်ကြည့်နေသူတွေ ပြုပြင်ပြောင်းလဲရေး အုပ်စုဘက် ရောက်လာတာကို လိုလားပါ တယ်။ ဒါကြောင့်လည်း အခုလို ဆုံးဖြတ်တာပါ။ အခု ဒီ အရေးယူမှု ဆိုင်းငံ့ထားတာတွေ ကိုလည်း အချိန်မရွေး ပြန်ပြီးတော့ ချမှတ်ကျင့်သုံးလို့လည်း ရပါတယ်။ ဒီအတွက်လည်း နောက်တွန့်မှာ မဟုတ်ပါဘူး။”

အခုလို ကနေဒါနိုင်ငံရဲ့ အရေးယူမှုတွေ ဆိုင်းငံ့လိုက်တာကြောင့် ကနေဒါနိုင်ငံတွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေနဲ့ ကနေဒါနိုင်ငံသားတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ကြတော့မှာပါ။ ဒီအတွက် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပွင့်လာစေမယ်လို့ မျှော်လင့်ထားပါတယ်လို့ John Baird က ပြောပါတယ်။ ဒါပေမယ့် ကနေဒါအပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ် အရေးယူ ဒဏ်ခတ်မှုတွေဟာ မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေရှိလာစေဖို့ တွန်းအားဖြစ်စေတယ်၊ Sanctions တွေဟာ ထိရောက်မှုရှိခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“ပြောင်းလဲမှုတွေဖြစ်လာဖို့ အခုလို အရေးယူဒဏ်ခတ်တာတွေ ချမှတ်ခဲ့တာပါ။ ဒီလို အရေးယူ ဒဏ်ခတ်မှုတွေဟာ ထိရောက်အောင်မြင်တယ် ဆိုတာကို ဒီနေ့ ကမ္ဘာမှာ မြန်မာ အခြေအနေက သာဓက ပြပါတယ်။ မြန်မာအစိုးရက အခု သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ လုပ်လာတဲ့ အတွက် ကျနော်တို့ဘက်ကလည်း တုံ့ပြန်မှုတွေ ရှိလာတာပါ။ ဒီလိုပဲ အခြား လစ်ဘရယ်ဒီမိုကရေစီ အစိုးရတွေ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဥရောပနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံတွေကလည်း အလားတူ တုံ့ပြန်မယ် ယူဆ ပါတယ်။ တချိန်တည်းမှာလည်း အခြေအနေတွေကိုတော့ ကျနော်တို့က အနီးကပ်ကို စောင့်ကြည့်နေမှာပါ။”

အခုလို ကနေဒါနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖုံးနဲ့ဆက်ပြီး အသိပေးမှာဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ကနေဒါနိုင်ငံခြားရေး ဝန်ကြီးက ပြောသွားပါတယ်။

XS
SM
MD
LG