သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲမှု အခြေအနေ နုနယ်နေဆဲ


အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကပ်ကမ့်ဘဲလ်က မြန်မာနိုင်ငံမှာထူးကဲတဲ့တိုးတက်မှုတွေ တွေ့နေရပေမယ့် အခြေအနေတွေက နုနယ်နေသေးပြီး အချိန်မရွေး နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရဲ့ မြန်မာ့အရေး မူဝါဒ ကြားနာပွဲမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကပ်၊ ကမ့်ဘဲလ်က အခုလို ထွက်ဆိုလိုက်တာပါ။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေ ဆက်လက်တိုးတက်အောင် အားပေးတဲ့နေရာမှာ ဂရုတစိုက်နဲ့ အသိအမှတ်ပြု ချဉ်းကပ်ဖို့ လိုတဲ့အကြောင်း မနေ့က အောက်လွှတ်တော် ကြားနာပွဲမှာ အခုလို ထွက်ဆိုသွားပါတယ်။

"တကယ်တော့ ၂၀၀၉ ခုနှစ်၊ မြန်မာနိုင်ငံနဲ့ စပြီး ထိတွေ့ စကားပြောခဲ့တဲ့အချိန်ကတည်းက စိတ်ပျက်မိတယ်ဆိုတာကို ကျနော်တို့ဘက်က ထုတ်ဖော်ဝန်ခံပြီးတော့ စပြီးတော့ ပြောခဲ့ကြတာပါ။ နှစ်နှစ်လောက်အတွင်းမှာ ဘာ တိုးတက်မှုမှ မရှိဘူးဆိုတာကိုလည်း ကျနော်တို့ ပထမဆုံး ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ဘယ်သူမှ ကြိုတွေးမထားမိခဲ့တဲ့ ထူးခြားတဲ့ တိုးတက်မှုတွေ ရလာခဲ့တယ်။ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အခု ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတယ်။ စစ်မှန်တဲ့ ထူးခြားတိုးတက်မှုတွေ ရှိလာတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်ပြောသလို ပြောရရင် အခြေအနေတွေက နုနယ်နေသေးတယ်၊ အချိန်မရွေး နောက်ကြောင်းပြန်လှည့်ပြီး ပျက်စီးသွားနိုင်တဲ့ အနေအထားမျိုးလည်း ရှိနေပါသေးတယ်။"

အနှစ်ငါးဆယ်ကြာ စစ်အုပ်ချုပ်ရေးရဲ့ အမွေတွေကြောင့် ဖိနှိပ်အုပ်ချုပ်တဲ့ ဥပဒေတွေ၊ လုံခြုံရေးအဖွဲ့အစည်း တွေနဲ့ အဂတိလိုက်စားမှုတွေ ပြည့်နှက်နေတဲ့ တရားရေးစနစ်နဲ့ နောက်- သတင်းမီဒီယာတွေ တင်းကျပ်မှုဆိုတဲ့ ပြဿနာတွေဟာ အခုထိ မြန်မာပြည်ထဲမှာ ရှိနေဆဲပဲလို့လည်း သုံးသပ်သွားပါတယ်။

"မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဓိကဆောင်ရွက်နိုင်ခဲ့တဲ့ အချက် နှစ်ချက်၊ သုံးချက်ကို ပြောရရင် အမေရိကန် ပြည်ထောင်စုရဲ့ အဓိက ပါတီကြီးနှစ်ခုလုံးက တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ခဲ့တာ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဥပဒေပြုအမတ်တွေကြားမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ အရေးကြီးတယ်ဆိုတာ လက်ခံပြီး အတူတူ လုပ်ဆောင်နိုင်ခဲ့တာ၊ နောက်တစ်ခုကတော့ နိုင်ငံတကာ မိတ်ဆွေနိုင်ငံတွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်နိုင်ခဲ့ကြတာတွေပါ။ ဒါတွေဟာ အဓိက အချက်တွေလို့ ပြောရမှာပါ။"

ကယ်လီဖိုးနီးယားပြည်နယ်၊ အောက်လွှတ်တော်အမတ် Dana Rohrabacher ကတော့ ပိတ်ဆို့မှုတွေ လျှော့ချပေးတဲ့အတွက် အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး အခုလို မေးခွန်းထုတ်လိုက်ပါတယ်။

"မြန်မာနိုင်ငံမှာ ဖိနှိပ်မှု အဆိုးဝါးဆုံးဖြစ်နေတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေက ပိတ်ဆို့မှု ရုပ်သိမ်းရေး ကွန်ဂရက်လွှတ်တော်မှာ လာပြီး Lobby လုပ် တောင်းဆိုတာတွေ ရှိတယ်။ အဲဒီတုန်းက ပြုပြင်ပြောင်းလဲ ရေးတောင်မှ မရှိသေးဘဲ သူတို့က ငွေမျက်နှာပဲ ကြည့်ခဲ့ကြတာပါ။ အခုလို ပိတ်ဆို့မှု ရုပ်သိမ်းလိုက်တော့ အရင် မြန်မာစစ်ခေါင်းဆောင်ေျွှွနဲ့ ပလဲနံပ သင့်သူလုပ်ငန်းရှင် Cronies တွေပဲ အကျိုးခံစားခွင့် ရှိမယ့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်သွားဖို့ ရှိပါသလဲ"

Campbell။ ။ "လူနည်းစု လက်တဆုတ်စာပဲ အကျိုးခံစားခွင့် ရလိမ့်မယ်ဆိုတာနဲ့ပတ်သက်ပြီး ခင်ဗျား ပြောတာကို ပြန် ပြောရင် တချို့ နိုင်ငံတွေနဲ့ သဘောတူ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက မြန်မာပြည်ရဲ့ သဘာဝ အရင်းအမြစ်တွေကို အဓမ္မရယူဖို့အတွက် အဓိကထား လုပ်ကိုင်တာမျိုးပါ။ ကျနော်တို့က ဒီလို ကိစ္စမျိုး မဖြစ်အောင် ပြန်ညှိနိုင်မယ့် အနေအထား၊ စစ်ဆေးနိုင်မယ့်အနေအထား၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းကြီးတွေနဲ့ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်ကြီးတွေကို သူတို့သုံးမယ့် ငွေကြေးတွေ၊ လုပ်ငန်းတွေက မြန်မာပြည်သူတွေရဲ့ အကျိုးအတွက်ပဲ သေချာရမယ်ဆိုတာမျိုးကို ထောက်ခံ ပြောဆိုနေတာပါ။ ဒါကြောင့်လည်း အထူး သတိထား ထိတွေ့ ဆက်ဆံတာမျိုးကို ကျနော်တို့က ကျင့်သုံးဖို့ ပြောနေတာပါ။"

အောက်လွှတ်တော်အမတ် Ed Royce ကတော့ မြန်မာနဲ့ မြောက်ကိုရီးယားရဲ့ ဆက်ဆံရေးအပေါ် သူဘဝင်မကျတဲ့အကြောင်း အခုလို ပြောသွားပါတယ်။

"မြောက်ကိုရီးယားက တတိယအကြိမ် နျူကလီယားလက်နက် စမ်းသပ်ပြီးတဲ့နောက် မြန်မာသမ္မတ ဦးသိန်းစိန်က မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်းကို ထောက်ခံကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၊ ချစ်ကြည်ရေးနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်တည်တံ့ရေးတို့အတွက် ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ကမ္ဘာမှာ အဆိုးဝါးဆုံး၊ နိုင်ငံတကာနဲ့ မပြေလည်ဆုံးနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်နေတဲ့ မြန်မာခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက် ပေးလိုပါသလဲ။ "

Campbell။ ။"မြောက်ကိုရီးယားနဲ့ပတ်သက်လို့ ထူးထူးခြာခြား ပြောစရာ သိပ်မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့ တရုတ်၊ တောင်ကိုရီးယား၊ အာရှနိုင်ငံအားလုံးကို ကျနော်တို့က နှစ်နိုင်ငံချင်းရော၊ လူသိ ရှင်ကြားရော ပြောထားပြီးသားပါ။ အခြေအနေတွေက မြောက်ကိုရီးယားနဲ့ ရှေ့မှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထား၊ ဘယ်ကို ဦးတည်နေသလဲ ဆိုတာတွေကို အခြေခံပြီး ကျနော်တို့နဲ့ ထိတွေ့ ဆက်ဆံရေး အခြေအနေ အဆုံးသတ်သွားနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားတာပါ။ နိုင်ငံတနိုင်ငံကို သုံးသပ်မယ်ဆိုရင် သူ ဘယ်သူတွေနဲ့ ဆက်ဆံနေတယ်၊ ပေါင်းနေတယ်ဆိုတာတွေ အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဆုံးဖြတ်ရပါလိမ့်မယ်"

ဒီကနေ့ ကြာသာပတေးနေ့မှာတော့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ရှေ့မှောက်မှာ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်ဝဘက်က သဘာပတိအဖြစ် ကြီးမှူးပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းနဲ့ USAID အုပ်ချုပ်ရေးအရာရှိ Nisha Biswal စတဲ့ ပုဂ္ဂိုလ်တွေက ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်ရှင်။

မနေ့က ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်အောက်လွှတ်တော်က မြန်မာ့အရေးမူဝါဒ ကြားနာပွဲမှာ ထွက်ဆိုခဲ့ကြတာတွေနဲ့ ပတ်သက်လို့ ဒေါ်ခင်စိုးဝင်း တင်ပြခဲ့တာပါ။ အဲဒီ ကြားနာပွဲမှာပဲ နောက်ထပ် ထွက်ဆိုသွားသူ တဦးကတော့ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်ဖြစ်ပါတယ်။

"ကျနော်တို့ ဒီနေ့ အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ်ကော်မတီပေါ့။ ကျနော် အဓိကထွက်ဆိုတာကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အမေရိကန်အစိုးရက တုံ့ပြန်တဲ့နေရာမှာ မျက်မြင်သက်သေအချို့က အင်မတန်မှာ များလွန်းတယ်၊ မြန်ဆန်တယ်လွန်းတယ် ပေါ့ဗျာ။ ဥပမာ ရွေးကောက်ပွဲက ဧပြီလ တစ်ရက်နေ့မှာ ပြီးတယ်။ ဧပြီလ လေးရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အမေရိကန်အစိုးရက ဒါတွေ- ဒါတွေ တုံ့ပြန်မယ်ဆိုပြီး ပြောလိုက်တယ်။ အရမ်းကို မြန်လွန်းတယ်ပေါ့နော်။ တချက်က တုံ့ပြန်တဲ့အတိုင်းအတာတွေ ကြည့်တဲ့အခါကျတော့လည်း တခြားဟာတွေကို ကျနော်တို့က ထောက်ခံပေမယ့် ရင်းနှီးမြှုပ်နှံမှုပိတ်ဆို့ထားတာတွေ၊ ငွေရေးကြေးရေး ဆက်ဆံမှုတွေ ပိတ်ဆို့ထားတာတွေကို လျှော့ပေးမယ်ဆိုတဲ့ အတိုင်းအတာကျတော့ များလွန်းတယ်လို့ ကျနော်တို့က ယူဆတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် တုံ့ပြန်မှုတွေဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ်ကို သိသာထင်ရှားတဲ့ တိုးတက်မှု၊ သို့မဟုတ်လည်း နောက်ကြောင်းပြန်မလှည့်တဲ့ အနေအထားကို မရောက်သေးဘဲနဲ့ အလွန်အကျွံ တုံ့ပြန်နေတာဖြစ်တဲ့အတွက် သတိထားဖို့ ကျနော်တို့က ကွန်ဂရက်စ် လွှတ်တော်ကို တောင်းဆိုတာပေါ့နော်- အဲဒါကို ကျနော်တို့ ထွက်ဆိုခဲ့ပါတယ်။"

XS
SM
MD
LG