သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အမျိုးသားလွှတ်တော်မှာ အတည်ပြု


အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ စီးပွားရေးဘဝကို မြှင့်တင်သွားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောလိုက်ပါတယ်။ ဒီရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေကို မနေ့က အမျိုးသားလွှတ်တော်အတွင်း ဆွေးနွေ အတည်ပြုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားကုမ္ပဏီတွေ လာရောက် ရင်းနှီးမြုပ်နှံကြစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်တာဖြစ်တယ်လို့ လွှတ်တော်စည်းဝေးပွဲကိုတက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်အမတ်တွေက ပြောပါတယ်။

ဒီဥပဒေကို အတည်ပြုပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဘဝကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မနေ့က အမျိုးသားလွှတ်တော် စည်းဝေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ RNDP ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသား လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေရဲ့ အဓိကဦးတည်ချက်က မြန်မာ့လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးတည်တဲ့ရည်မှန်းချက် ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရယ်၊ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အခါမှာ ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်၊ သွင်းကုန် အစားထိုးတဲ့ လုပ်ငန်းလေးတွေ ရှိမယ်။ ပြည်ပပို့ကုန်တွေလည်း တိုးချဲ့တင်ပို့နိုင်မယ်။ နောက် အဆင့်မြင့် ကျွမ်းကျင်တဲ့ နည်းပညာလည်း ပြည်တွင်းမှာ နည်းပညာအရ အကျိုးအမြတ်ရလာနိုင်တဲ့ လုပ်ငန်းမျိုးတွေဖြစ်လို့ - မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရေးဆွဲခဲ့တာကိုက ဂျပန် ပညာရှင်တွေလည်း ပါတယ်လို့ ကြားပါတယ်။

ဆိုတော့ - တော်တော်လေးကို အကျိုးရှိပြီးကာမှ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပြီးကာမှ ပြည်တွင်းမှာ ရှိတဲ့ စက်မှုကဏ္ဍ၊ နောက် မြန်မာနိုင်ငံမှာရှိတဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို အကျိုးရှိရှိ အသုံးချပြီး ကာမှ ကုန်ချောတပိုင်းတစကို တင်ပို့ရောင်းချနိုင်တဲ့ အဆင့်အထိကို ရင်းနှီးမြှုပ်နှံမှု ဥပဒေက- ကျနော် ထင်ပါတယ်- ဒါ-ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဘဝကို မြှင့်တင်သွားနိုင်မယ်လို့ ယူဆ ယုံကြည်ပါတယ်။ နိုင်ငံခြားသားတွေ၊ ဧည့်နိုင်ငံသားတို့၊ နိုင်ငံသားပြုခွင့်ရသူတို့ ကိုယ်တိုင် - ဒီဘက်က မြေငှားရမ်းခွင့် ပေးထားတာ ရှိပါတယ်။ မြေအသုံးချခွင့် ပေးထားတာ ရှိပါတယ်။ နိုင်ငံခြား မတည် ငွေရင်းတွေကို ရင်းနှီးမြှုပ်နှံနိုင်အောင်လည်းပဲ ကူညီထားတာ တွေ့ပါတယ်။ နိုင်ငံခြားငွေတို့၊ စက်ပစ္စည်း ကိရိယာတို့ ကုန်အမှတ်တံဆိပ်၊ စက်မှုဒီဇိုင်းက အစပေါ့ဗျာ- ကျွမ်းကျင်မှု နည်းပညာ- အဲဒါလေးတွေကို ရင်းနှီးမြှုပ်နှံ နိုင်အောင် ပြဌာန်းထားတာ တွေ့ပါတယ်။”

အဲဒါကြောင့် အကျိုးရှိပြီးကာမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ တခုကို ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ပြဌာန်းလိုက ်နိုင်မယ့် သဘောလို့ပဲ တွက်ပါတယ်။”

အခုလို နိုင်ငံခြားက လာရောက် ရင်းနှီးမြှုပ်နှံလိုကြသူတွေကို ဖိတ်ခေါ်တဲ့ ဥပဒေတွေကို ပြဌာန်းလိုက် ပေမယ့်လည်း အကန့်အသတ်မရှိ လာရောက် ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်တာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကန့်သတ်ချက်တွေကတော့ ရှိပါတယ်ဗျ။ လူမျိုးတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေကို ထိခိုက်တဲ့ လုပ်ငန်းမျိုး တွေ၊ လူနေထိုင်ရာ ပတ်ဝန်းကျင်၊ အများပြည်သူနေထိုင်ရာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဆူညံသံပေးတဲ့ လုပ်ငန်းမျိုးတွေ၊ ကျန်းမာရေးကို ထိခိုက်စေတဲ့ လုပ်ငန်းမျိုးတွေ၊ သဘာဝအရင်းအမြစ် ပတ်ဝန်းကျင် ဂေဟ စနစ်ကို ထိခိုက်တဲ့ လုပ်ငန်းမျိုးတွေရယ်၊ နောက် ဒီ နိုင်ငံတော်အတွင်းမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများ၊ သယံဇာတပစ္စည်းများကို ထိခိုက်တဲ့လုပ်ငန်းမျိုးတွေ၊ နောက် - နိုင်ငံတော်အတွင်းကို ဘေးအန္တရာယ်ရှိတဲ့၊ အဆိပ်အတောက်ရှိတဲ့ စွန့်ပစ်ပစ္စည်းများ တင်ဆောင်လာနိုင်တဲ့ လုပ်ငန်းမျိုးပေါ့နော်- အဲဒီလို ဘေးအန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းများ ထုတ်လုပ်တဲ့စက်ရုံ တည်ဆောက်တဲ့ လုပ်ငန်းမျိုးတွေကို ကန့်သတ်ထားတာကိုလည်း တွေ့ပါတယ်။”

ဒီလို ကန့်သတ်ချက်ရှိနေပေမယ့်လည်း နိုင်ငံတော်အတွက် အကျိုးရှိမယ်လို့ အစိုးရအဖွဲ့က သတ်မှတ်ရင် အဲဒီ ရင်းနှီးမြုပ်နှံမှုကို အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးမြုပ်နှံခွင့်ပြုနိုင်တယ်ဆိုတဲ့ ခြွင်းချက်တခုတော့ ထည့်သွင်း ဖော်ပြထားတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိုတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လွှတ်တော်အတွင်း အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုထားပြီးဖြစ်တဲ့အတွက် သမ္မတက လက်မှတ်ထိုးပြီးတာနဲ့ ဥပဒေအဖြစ် အတည်ပြုနိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လက်ရှိ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေတွေက ခေတ်နောက်ကျနေတာ၊ နိုင်ငံခြားက လာရောက် ရင်းမြှုပ်နှံလိုကြတဲ့သူတွေအတွက် ကန့်သတ်ချက်တွေများလွန်းတာ၊ နိုင်ငံခြားသုံးငွေ ကိုင်ဆောင်ခွင့် မရှိတာတွေ အပါအဝင် တခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်တွေ အများအပြားရှိနေတဲ့အကြောင်း နိုင်ငံခြားက ရင်းနှီးမြုပ်နှံလိုသူတွေက ထောက်ပြ ပြောဆိုကြတဲ့အတွက် အခုလို ဥပဒေကို ပြင်ဆင် လိုက်တာလည်း ဖြစ်နိုင်တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ် ခင်ဗျား။

XS
SM
MD
LG