သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ဆက်သွယ်ရေးရုံး နေပြည်တော်မှာဖွင့်မည်


နေပြည်တော်မှာ သံတမန်ဆက်သွယ်ရေးရုံး ဖွင့်လှစ်ဖို့ အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး William Hague က ပြောလိုက်ပါတယ်။ ဗြိတိန်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေးကို ပြန်လည် အားပေးတော့မယ်လို့ ပြောခဲ့တဲ့တချိန်တည်းမှာပဲ နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်စေဖို့ နေပြည်တော်မှာ ရုံးဖွင့်မယ်လို့ ကြေညာခဲ့တဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

Singapore က နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးသိပ္ပံ IISS မှာ ကြာသပတေးနေ့တုန်းက ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က မိန့်ခွန်းပြောခဲ့တာမှာ နေပြည်တော်မှာ သံတမန်ဆက်သွယ်ရေးရုံး ဖွင့်ဖို့ အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

"နေပြည်တော်မှာ သံတမန်ဆက်သွယ်ရေးရုံးဖွင့်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်"

ဒီရုံးဟာ မြန်မာအစိုးရ၊ လွှတ်တော်အမတ်တွေနဲ့ ဗြိတိန်ကြားမှာ ဆက်သွယ်ပေးမဲ့ ဆက်ဆံရေးရုံးဖြစ်တယ် လို့ ရန်ကုန်ဗြိတိန်သံရုံး ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးသွားတဲ့ ဗြိတိန်ရအစိုးရအကြီးအကဲ အဖြစ် ဝန်ကြီးချုပ် David Cameron မကြာခင်ကပဲ သွားခဲ့တာမို့ ဗြိတိန်က မြန်မာနဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်ဖို့ ကြိုးစားတာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေတာပါ။ တချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးကို အားပေးသွားမယ်ဆိုတာကိုလည်း နိုင်ငံခြားရေးဝန်ကြီး William Hague က မနေ့က စင်ကာပူမှာ အသိပေးသွားပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ကျွန်တော် ဆွေးနွေးခဲ့တာရော၊ သေသေချာချာ စဉ်းစားချင့်ချိန်ခဲ့ပြီးတဲ့ နောက်မှာပါ အသိပေး ကြေညာချင်တာကတော့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ကုန်သွယ်ရေးလုပ်တာကို အားမပေးခဲ့တဲ့ ဗြိတိန်အစိုးရရဲ့ မူဝါဒကို ပြင်ဆင်တော့မှာ ဖြစ်ပါတယ်။ အပြောင်းအလဲဖြစ်နေတဲ့ မြန်မာ နိုင်ငံမှာ တာဝန်သိ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဒီအပြောင်းအလဲတွေကို အထောက်အကူ ပေးလိမ့်မယ်လို့ ဗြိတိန်နိုင်ငံက ယုံကြည်ပါတယ်။"

မြန်မာနိုင်ငံနဲ့ စီးပွားဆက်ဆံရေးလုပ်တဲ့အခါမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ အလေးထားလုပ်သွားမှာ ဖြစ်သလို၊ ဒေသခံလူမှု အသိုင်းအဝိုင်းကို အကျိုးဖြစ်စေမဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေမဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေကို အားပေးသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသင့် မသင့်သုံးသပ်မှုတွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့နဲ့ ပေါင်းပြီး လုပ်သွားမဲ့အကြောင်းလည်း ပြောသွားပါတယ်။ သူကိုယ်တိုင်ရော ဗြိတိန်ဝန်ကြီးချုပ် David Cameron ပါ မြန်မာနိုင်ငံမှာ တွေ့ခဲ့ကြတဲ့ အပြောင်းအလည်းတွေကြောင့် မြန်မာနိုင်ငံအပေါ် EU ကချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်ငံ့ထားဖို့ ဗြိတိန်က ဦးဆောင် တိုက်တွန်းခဲ့တဲ့အကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီး Hague က IISS မှာ ပြောတဲ့ မိန့်ခွန်းထဲမှာပြောသွားပါတယ်။ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ EU ဥရောပသမဂ္ဂတို့ကြားမှာ ပွင့်လင်းတဲ့ဆက်ဆံရေး ရရှိဖို့အတွက် တကယ့်နိင်ငံရေး အပြောင်းအလဲဖြစ်အောင်၊လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း အလေးထားပြောပါသေးတယ်။

"ပြုပြင်ပြောင်းလည်းမှုတွေ စတင်နေတဲ့အပေါ်မှာ ဗြိတိန်က အများကြီးဝမ်းသာပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်နေသေးတဲ့ ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတာပါဝင်တဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ်မှာ ကျွန်တော်တို့ စိုးရိမ်နေဆဲဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ချက်တွေကြောင့် မြန်မာနိုင်ငံ မျှော်လင့်ချက် လမ်းပေါ် ရောက်နေတာကိုလည်း ကြိုဆိုပါတယ်။"

ဗြိတိန်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ Burma Campaign UK ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တယောက်မှ မရှိရေးအတွက် ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီး Jeremy Browne ဆီကို ဒီကနေ့မှာပဲ တိုက်တွန်းစာပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ရှိလာဖို့ရော စီးပွားရေးနဲ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ လမ်းညွှန်ချက်အတိုင်းဖြစ်အောင် လုပ်နိုင်ဖို့ ငွေကြေးအထောက်အပံ့တွေ ပေးသွားမယ်ဆိုတာကိုလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အာရှရောက်နေစဉ်မှာ အသိပေးပါတယ်။ မြန်မာနိင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေက ဆင်းရဲသားပြည်သူတွေအတွက် တကယ်အကျိုးဖြစ်ထွန်းစေဖို့ ကြိုးစားလုပ်သွားမှာဖြစ်တယ်ဆိုတာကို Singapore က နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးသိပ္ပံ IISS မှာပြောသွားတဲ့မိန့်ခွန်းထဲမှာ ဝန်ကြီး William Hague က ပြောသွားပါတယ်ရှင်။

XS
SM
MD
LG