သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးနိုင်ငံအလိုရှိသူ စိုင်းနော်ခမ်း ဖမ်းမိ


မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေက အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို ဒီရက်ပိုင်းအတွင်းမှာ လာအို အာဏာပိုင်တွေက ရွှေတြိဂံဒေသမှာ ဖမ်းဆီးရမိလိုက်ပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို ဖမ်းဆီးနိုင်ရင် ဆုငွေ ဘတ်နှစ်သန်းပေးမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့အပတ်သောကြာနေ့က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းဟာ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတို့ နယ်နမိတ်ချင်းထိစပ်ရာ ရွှေတြိဂံဒေသက ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တာချီလိတ်နယ် အတွင်းမှာ အခြေပြု လှုပ်ရှားနေသူတယောက် ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါးမှု၊ လူသတ်မှုတွေနဲ့ တရုတ်၊ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေက အလိုရှိ နေကြတာလည်းဖြစ်ပါတယ်။

ဒီလ ၂၀ ရက်နေ့ကတော့ ထိုင်းနိုင်ငံအစိုးရက စိုင်းနော်ခမ်းကို ဖမ်းဆီးရမိရင် ဘတ်ငွေနှစ်သန်းပေးမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလ၂၃ ရက် နေ့မှာတော့ စိုင်းနော်ခမ်းအဖွဲ့ကလူတချို့ မြန်မာ အစိုးရဆီ လက်နက်ချသွားပြီးတဲ့နောက် စိုင်းနော်ခမ်းကို ဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါ တယ်။

“၂၄ ရက်နေ့က ကျိုင်းလပ်အောက် မဲခေါင်မြစ်မှာ အစိုးရနဲ့ ပြည်သူ့စစ်ဝိုင်းတဲ့အခါကျတော့ သူက လာအို ဘက် မှာ ထွက်ပြေးတယ်တဲ့။ ထွက်ပြေးတော့ လာအိုစစ်သားတွေက သူ့ကို ဖမ်းသွားတယ်။ လေးယောက် လို့ ပြောတယ်။ ၂၃ ရက်နေ့မှာ တာချီလိတ်ဗျူဟာမှာ စိုင်းနော်ခမ်း တပည့် ၇ ယောက် အလင်းဝင်လာတယ် တဲ့။ သေနတ်လေးလက်နဲ့ ဦးအိုက်ထွန်းခေါင်းဆောင်တယ်။ အလင်းဝင်လာတော့ သူတို့က သတင်းရပြီးမှ ဗမာအစိုးရစစ်တပ်နဲ့ ပြည်သူ့စစ် သွားဝိုင်းတော့ သူက စက်လှေနဲ့ ဟိုဘက်ထွက်ပြေးသွားတယ်တဲ့။ ဟိုဘက်ကျတော့ လာအိုစစ်တပ်တွေက ဖမ်းသွားတယ်ပြောတယ်။”

စိုင်းနော်ခမ်းကို ဖမ်းဆီးရမိတာ ၂၄ ရက်နေ့ညပိုင်းလို့ ပြည်သူ့စစ်နဲ့ နီးစပ်သူက ပြောပေမဲ့ ဒီကနေ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာ မှာတော့ သူ့ကိုအခြားအဖွဲ့ဝင် ၇ ယောက်နဲ့အတူ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးရမိတာဖြစ်ကြောင်းနဲ့ လာအိုအာဏာပိုင်တွေက တရုတ်နိုင်ငံကို လွဲှပြောင်းပေး လိုက်ကြောင်း ဖော်ပြပါတယ်။ ဒါပေမဲ့ စိုင်းနော်ခမ်းကို ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး လာအိုအာဏာပိုင်တွေ ဘက်ကတော့ အခုချိန်ထိ သတင်းအတိအကျထုတ်ပြန်တာ မရှိသေးဘူးလို့လည်း ဖော်ပြပါတယ်။

ရှမ်းပြည်နယ်အတွင်းက အခြေအနေတွေကို စောင့်ကြည့်ပြီး သတင်းဖော်ပြနေတဲ့ ရှမ်းသံတော်ဆင့် သတင်း ဌာနက အယ်ဒီတာ ဦးခွန်ဆိုင်းကတော့ စိုင်းနော်ခမ်းဖမ်းဆီးခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး အခုလို ပြောပါ တယ်။

"ကျနော်တို့ရဲ့ source တွေ ပြောတာကို နားထောင်လို့ရှိရင်တော့ အများစုကတော့ ဒီဥစ္စာ သေချာတယ်။ သူတို့ ကိုယ်တိုင်က ဒီ ဗမာရော၊ လာအိုရော၊ တရုတ်အရာရှိတွေကို ကိုးကားပြီးတော့မှ သူတို့က ပြော လာတယ်။ အဲဒီတော့ ကျနော်တို့လည်း ဒီဥစာ ဖြစ်နိုင်ခြေများတယ်လို့ ယူဆတယ်ပေါ့ဗျာ။"

မြန်မာနိုင်ငံ တာချီလိတ်မြို့က ရဲတပ်ဖွဲ့ကတော့ အခုချိန်ထိ ဒီသတင်းကို အတည်ပြုတာ မရှိသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

ရွှေတြိဂံဒေသအတွင်းလှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းဟာ ဘိန်းဘုရင်ခွန်ဆာရဲ့ MTA ခေါ် မော်ထိုင်းတပ်ဖွဲ့ဝင် တယောက်ဖြစ်ပြီး ၁၉၉၆ ခုနှစ်က ဘိန်းဘုရင်ခွန်ဆာ လက်နက်ချပြီးတဲ့နောက်မှာ တာချီလိတ်မြို့နယ် ဟောင်လိတ် ပြည်သူ့စစ်ခေါင်းဆောင် တယောက်ဖြစ်လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှုတွေကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး မူးယစ်ဆေး မှောင်ခို ကုန်ကူးတာနဲ့ မဲခေါင်မြစ်အတွင်းဖြတ်သန်း သွားလာတဲ့ သင်္ဘော၊ စက်လှေတွေကို ဆက်ကြေးကောက်၊ ပစ်ခတ် တိုက်ခိုက်တာတွေရှိခဲ့ဆိုပြီး တရုတ်၊ မြန်မာ၊ ထိုင်းနဲ့လာအို အစိုးရတွေက အလိုရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက တရုတ်ကုန်တင်သင်္ဘောနှစ်စင်းကို ပြန်ပေးဆွဲပြီး သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်မှုများလည်း စိုင်းနော်ခမ်းအဖွဲ့ကို အဓိက သံသယဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ဖေဖော်ရီလအတွင်းကလည်း မြန်မာနဲ့လာအိုနယ်စပ် မဲခေါင်မြစ်အတွင်း ကင်းလှည့်နေတဲ့ မြန်မာရဲတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့့်် ရဲအုပ်တယောက်အပါအဝင် (၁၅) ယောက်သေဆုံးခဲ့ရပါ တယ်။ ဒီတိုက်ခိုက်မှုမှာလည်း မြန်မာအာဏာပိုင်တွေက စိုင်းနော်ခမ်းအဖွဲ့ကို သံသယရှိခဲ့ပေမဲ့ ဖမ်းဆီးနိုင် တာတော့ မရှိခဲ့ပါဘူး။

အခုလို စိုင်းနော်ခမ်းကို ဖမ်းဆီး ရမိတယ်ဆိုတဲ့အပေါ်မှာတော့ ဒေသတွင်းမှာ ကာလတိုတခုအထိ အေးချမ်းမှု ရရှိနိုင်မယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။

“ အခုလောလောဆယ်မှာ သူတို့ဂိုဏ်းပြိုသွားတော့ အစားထိုးမယ့်လူလည်း မရှိဘူး။ နောက်ပြီး သူတို့ထဲက နေပြီးတော့မှ တဗိုလ်တက်၊ တဗိုလ်ဆင်းစနစ်ကလည်း မရှိသေးတဲ့အခါကျတော့ အခုလောလောဆယ် တော့ လုံခြုံမှု ရှိနိုင်တယ်ပေါ့- ရေတိုအရဖြင့်။ သို့သော်လည်း ရေရှည်အားဖြင့်တော့ မဲခေါင်မြစ်ကြောင်း တလျှောက်မှာက အရင်ကတည်းက ပြဿနာအမြဲတမ်းရှိခဲ့တော့ ဒီ ဥစ္စာက ရေရှည်အတွက် စိတ်ချသွားရပြီလို့ မပြောနိုင်သေးဘူး"

ရွှေတြိဂံဒေသမှာ ၁၉၆၇ ခုနှစ်လောက်က စပြီး ဥဒေမဲ့ ဒေသတခုလို တည်ရှိနေခဲ့တာ စိုင်းနော်ခမ်းအဖွဲ့ မပေါ်ခင်တည်းက ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဒေသတည်ငြိမ်ဖို့ ဆိုရင် အိမ်နီးချင်း အစိုးရတွေ ပူးပေါင်း ဆောင်ရွက်မှုသာမက ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း အရေးကြီးတယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံရပြီးတဲ့နောက်မှာတော့ မဲခေါင်မြစ်ကြောင်း လုံခြုံရေးအတွက် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံ ပူးပေါင်းပြီး ကင်းလှည့် စောင့်ကြပ်တာတွေ စတင်ထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG