သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား စစ်ရေးပြဒုံးကျည်တွေ အစစ်မဟုတ်

ဒီလအစောပိုင်းက မြောက်ကိုးရီးယား တပ်မတော်စစ်ရေးပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေဟာ အစစ်မဟုတ်ဘူးလို့ ဂျာမန် လက်နက်သုတေသီနှစ်ဦးက ပြောဆိုလိုက်ပါတယ်။

ဂျာမန် Schmucker နည်းပညာဌာနက သုတေသီ Markus Schiller နဲ့ Robert Schmucker တို့ ရေးသားတဲ့ ယုံကြည်စရာမရှိတဲ့ပွဲလို့ အဓိပ္ပာယ်ရတဲ့ A Dog and Pony Show ဆိုတဲ့ စာတမ်းမှာ ဧပြီလ ၁၅ ရက်နေ့ စစ်ရေးပြပွဲမှာ ပစ်လွှတ်စင်ပေါ် တင်ဆောင်ပြသခဲ့တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည် ၆ စင်းဟာ အတုတွေ ဖြစ်တယ် လို့ ဝေဖန်သုံးသပ်ခဲ့တာပါ။

ပျံသန်းရေးအတွက် ယှဉ်တွဲအလုပ်လုပ်နိုင်မှုမရှိတဲ့ လောင်စာအရည်နဲ့ လောင်စာ အစိုင်အခဲတွေကို အဲဒီ ဒုံးကျည်တွေမှာ ပေါင်းစပ်အသုံးပြုထားပုံရတယ်လို့ စာတမ်းက ဆိုပါတယ်။

ဒုံးကျည်ရဲ့ ကျည်အိမ်ကို ကြည့်ခြင်းအားဖြင့် ပျံသန်းရေးယာဉ်အတွက် သတ္ထုထည်မှာ လုံလောက်တဲ့ ထူထဲမှု မရှိကြောင်း တွေ့ရတယ်လို့လည်း ထောက်ပြဝေဖန်ပါတယ်။ ဒါ့အပြင် ပုံစံတူရှိရမဲ့ ဒုံးကျည်တွေဟာ တခုချင်းစီမှာ ကွဲလွဲချက်တွေနည်းနည်းစီ ရှိနေပြီး ပစ်လွှတ်စင်နဲ့ အံဝင်မှု မရှိတာကိုလည်း တွေ့နိုင်တယ်လို့ သုတေသီတွေက ထောက်ပြကြပါတယ်။

မြောက်ကိုးရီးယားမှာ တကယ်တမ်း ပစ်ခွင်းနိုင်စွမ်းရှိတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းတပ် ဒုံးကျည်ရှိနေပြီဆိုတာ လုံလောက်တဲ့ သက်သေ မတွေ့ရသေးဘူးလို့ သုတေသီတွေက ပြောပါတယ်။ မြောက်ကိုးရီးယားရဲ့ ခေါင်းဆောင်နံပါတ်တစ် Kim Il Sung နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် စစ်သုံး လက်နက် ၉၀၀ လောက် ပါဝင်တဲ့ စစ်ရေးပြပွဲကို April ၁၅ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG