သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မရိန်း ၁၀,၀၀၀ ခန့် အိုကီနာဝါက ရွှေ့မည်


အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့အကြား ပူးတွဲချုပ်ဆိုတဲ့ သဘောတူညီမှုအရ အိုကီနာဝါကျွန်းမှာ အခြေစိုက်ထားတဲ့ အမေရိကန် မရိန်းတပ်သား ၉,၀၀၀ လောက်ကို တခြားနေရာတွေကို ပြောင်းရွှေ့မှာဖြစ်ပါတယ်။

နှစ်နိုင်ငံအကြားရရှိတဲ့ သဘောတူညီမှုကို ကြာသာပတေးနေ့နှောင်းပိုင်းမှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် မရိန်းတပ်သားတွေကို ဟာဝိုင်ယီ၊ အမေရိကန်နိုင်ငံပိုင် ဂူဝမ်ကျွန်းနဲ့ သြစတြေးလျှ စတဲ့အရပ်တွေဆီ ပြောင်းရွှေ့ပေးမှာ ဖြစ်ပါတယ်။

အမေရိကန် မရိန်းတပ်သားတွေ ဂူဝမ်ကျွန်းကို ပြောင်းရွှေ့ပေးရတဲ့ ကုန်ကျစရိတ် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၈,၆၀၀ အနက်က သန်း ၃,၁၀၀ ကို ဂျပန် အစိုးရက ပေးမယ်လို့ဆိုပါတယ်။

အခုလို သဘောတူညီချက် ပြုလုပ်ရတာဟာ အမေရိကန် မရိန်းတပ်သားတွေ အိုကီနာဝါကျွန်းမှာ ကာလ ကြာရှည် အခြေစိုက်နေထိုင်လာခဲ့တဲ့အတွက် အမှုအခင်းတွေ များတယ်၊ ဆူညံတယ်၊ လေထုညစ်ညမ်းတယ်ဆိုပြီး ဒေသခံပြည်သူတွေက မကျေမနပ်ဖြစ်နေကြတဲ့ တင်းမာမှုတွေ လျှော့ပါးသွားအောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တုန်းကလည်း ဖူတားမား မရိန်းလေတပ်စခန်းကို လူနေထူထပ်တဲ့ နေရာကနေ ဝေးကွာတဲ့ ကမ်းရိုးတန်း တနေရာကို ပြောင်းရွှေ့ပေးဖို့ အမေရိကန်နဲ့ ဂျပန်နိုင်ငံအကြား သဘောတူညီမှု ပြုလုပ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ စစ်စခန်းတွေကို ပိတ်ပစ်ဖို့ ဒါမှမဟုတ် တခြား တနေရာရာကို ပြောင်းရွှေ့သွားဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG