သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မမြင်တရုတ်ရှေ့နေအတွက် အမေရိကန်စိုးရိမ်


တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မျက်မမြင်ချင်ကွမ်ချင်ဟာ ဘေဂျင်းက အမေရိကန်သံရုံးမှာ ခိုလှုံနေ တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗစ်တိုရီးယားနျူလန်က ဧပြီ ၂၇ ရက်နေ့ က ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ချင်ကွမ်ချင်ရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်နေတယ် လို့ ပြောကြားခဲ့ပါတယ်။ မိသားစုတစ်ခု၊ ကလေး တစ်ယောက်ပေါ်လစီကြောင့် ဒေသခံ အာဏာပိုင်တွေရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ ကို မှတ်တမ်းရေးသားပြုစုခဲ့တဲ့ ချင်ကွမ်ချင်အတွက် စိုးရိမ်ပူပန်မှုရှိနေကြောင်း အစောပိုင်းကတည်းက အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ကြေညာထားပြီးဖြစ်တယ်လို့ မစ္စ်နျူလန်က ပြောဆိုခဲ့ပါတယ်။

ချင်ကွမ်ချင်ဟာ နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းပြည်နယ်က ဒေါင်ရှင်ဂူဆိုတဲ့ရွာကလေးက အစောင့်အကြပ် ထူထပ်စွာ ချထားတဲ့သူ့ရဲ့အိမ်ကနေပြီးတော့ ထွက်ပြေးလွတ်မြောက် သွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ညအထိ သူပျောက် ဆုံးနေတာကို အာဏာပိုင်တွေက သိရှိကြခြင်းမရှိပါဘူး။ အခုအခါ ချင်ကွမ်ချင်ဘယ်မှာရှိတယ် ဆိုတာ မသိကြရပေမဲ့ သူဟာ မိုင်ပေါင်းများစွာ ဝေးကွာတဲ့နေရာက စိတ်ချလုံခြုံတဲ့နေရာမှာ ရှိနေပါတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတဲ့ ChinaAid အဖွဲ့ခေါင်းဆောင် Bob Fu က ဧပြီ ၂၇ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ချင်ကွမ်ချင်ဟာ ဘေဂျင်းမြို့က အမေရိကန်သံရုံးမှာ ခိုလှုံခွင့်တောင်းခံဖွယ်ရှိတယ်လို့ ခန့်မှန်းပြောဆိုနေ ကြပြီးတော့ အာဏာပိုင်တွေကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်နေကြပါတယ်။ ဧပြီ ၂၇ ရက်နေ့ကပဲ အင်တာနက်ပေါ်မှာ ဗွီဒီယိုနဲ့တင်ထားတဲ့ ပြကွက်မှာတော့ ချင်ကွမ်ချင်က သူနဲ့ သူ့မိသားစုဟာ အကျယ်ချုပ်ခံနေရတဲ့ တနှစ်ခွဲကာလအတွင်း ညှင်းပမ်းနှိပ်စက်ခံရခဲ့တာတွေကို အသေးစိတ်ပြောပြခဲ့ပါတယ်။

ချင်ကွမ်ချင်ဟာ တရုတ်အစိုးရရဲ့ မိသားစုတစ်စု၊ ကလေးတစ်ယောက်ယူရေး ပေါ်လစီကြောင့် ကိုယ်ဝန်ဖျက် ချရခြင်းကို ဆန့်ကျင်တဲ့လှုပ်ရှားမှုကြောင့် ထောင်ဒဏ်လေးနှစ် ကျခံခဲ့ရပြီး ၂၀၁၀၊ စက်တင်ဘာမှာ ပြန်လွတ် ခဲ့ပါတယ်။ အဲဒီနောက် ဆက်ပြီး နေအိမ်မှာအကျယ်ချုပ်နဲ့ အကျဉ်းချခံနေရတာဖြစ်ပါတယ်။

အင်တာနက်ပေါ်က ဗွီဒီယိုနဲ့ပြကွက်မှာ ချင်ကွမ်ချင်က ဝန်ကြီးချုပ်ဝမ်ကျားပေါင်ကို ရည်ညွန်းပြီးပြောဆိုတာ မှာတော့ မြို့ရွာတွေက အာဏာပိုင်တွေနဲ့ ကွန်မြူနစ်ပါတီက ကေဒါတွေဟာ ပြည်သူတွေကို နှိပ်စက် ညှင်းပမ်းနေ ကြပြီးတော့ ဥပဒေမဲ့ဖြစ်ရပ်တွေက ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေတယ်၊ အခုလို ဖြစ်ပျက်နေတာကြောင့် ဒေသခံအာဏာပိုင်တွေက ဗဟိုအစိုးရကို ထောက်ခံကြသေးရဲ့လား၊ သူတလူ ဗိုလ်တမင်းဖြစ်နေ ကြပြီလားဆိုတာ ပြည်သူလူထုကို ဝန်ကြီးချုပ်အနေနဲ့ အဖြေပေးပါလို့ ချင်ကွမ်ချင်က ပြောကြားထားပါတယ်။

XS
SM
MD
LG