သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ ဥရောပသမဂ္ဂရုံးဖွင့်လှစ်


မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ အခြေခိုင်ဖို့လိုအပ်တယ် လို့ မြန်မာနိုင်ငံ မှာ ရောက်ရှိနေတဲ့ EU နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Catherine Ashton ကပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး EU ရုံးကို လာရောက်ဖွင့်လှစ်ပေး ခဲ့တဲ့ EU အကြီးအကဲဟာ ဒီနေ့ နေ့ခင်းပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ကုန်သွယ်ရေး၊ စီးပွားရေးစတဲ့ EU က မြန်မာအပေါ် ဒဏ်ခတ် အရေးယူမှုတွေကို ယာယီဆိုင်းငံ့လိုက်ပြီး ရက်ပိုင်း အတွင်းမှာပဲ မြန်မာနိုင်ငံ ကို EU အကြီးအကဲ ရောက်ရှိလာတဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး EU ရုံးကို EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Catherine Ashton နဲ့ ရန်ကုန် တိုင်း ဝန်ကြီးချုပ်ဦးမြင့်ဆွေတို့က ဒီကနေ့ ရန်ကုန်မြို့၊ အင်းလျားမြိုင် လမ်းမှာ ဖွင့်လှစ်ပေးခဲ့ကြပါ တယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အပြောင်းအလဲတွေကို EU က တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ယာယီဆိုင်းငံ့လိုက်ပြီး ခုလို EU ရုံးခန်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

EU သံတမန်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NGO တချို့ တက်ရောက်ကြတဲ့ ဖွင့်ပွဲမှာ EU အကြီးအကဲ Ashton က မြန်မာနိုင်ငံက လက်ရှိအပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့သဘောနဲ့ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံကို ကိုယ်စားပြုတဲ့ EU ရုံးခန်းကို ဖွင့်လှစ်တာဖြစ်တယ် လို့ ပြောခဲ့ပါတယ်။

"မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်နေပါပြီ။ သွားရမဲ့ခရီးက ကြာရှည်နိုင် ပါတယ်။ ဒေသ တွင်းမှာသာမက ကမ္ဘာပေါ်မှာပါ အတုယူစရာ ဖြစ်မယ့် အပြောင်းအလဲတွေ ဖြစ်ဖု့ိ EU က မြန်မာပြည်သူတွေ ကို ကူညီသွားမှာပါ။"

မြန်မာနိုင်ငံက အပြောင်းအလဲတွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက် သွားနိုင်ဖို့ ကူညီမှာဖြစ်တယ်လို့ ဆိုပါတယ်။

"EU အနေနဲ့ ပေးနိုင်တဲ့ဘက်ကနေ အကူအညီတွေကို ပေးသွားပါမယ်။ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တခုလုံးမှာ EU ဥရောပသမဂ္ဂအနေနဲ့ မိတ်ဆွေအဖြစ် ရပ်တည်သွားပါမယ်။ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ရှေ့ ဆက် သွားဖို့ ကူညီတဲ့တချိန်တည်းမှာပဲ မြို့တွေ၊ ရွာတွေမှာ နေထိုင်ကြသူတွေ အထူးသဖြင့်ကျေးလက်ဒေသ က ပြည်သူတွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်တွေမှာ EU က ထိတွေ့ဆက်ဆံသွားမယ်၊ ကူညီသွားပါ မယ်။"

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာတဲ့ EU ရဲ့ အဆင့်အမြင့်ဆုံး တာဝန် ရှိသူ Ms. Ashton ဟာ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွ့ဆုံခဲ့ပါတယ်။ အစိုးရရဲ့ ဆောင်ရွက် ချက်တွေကို ကူညီထောက်ပံ့မှု၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တုံ့ပြန်နိုင်ဖို့ ဒဏ်ခတ်ထားတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို EU က ယာယီ ရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ EU အကြီးအကဲ က ပြောပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရပ်သွားမယ်ဆိုရင်တော့ ပြန်လည် ဒဏ်ခတ် အရေးယူမှုတွေ လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလုပ်နေတဲ့ အပြောင်းအလဲတွေဟာ ရေရှည် ခံဖို့ လိုအပ်တယ်ဆိုတာကိုလည်း EU မူဝါဒရေးရာ အကြီးအကဲက အလေးထား ပြောသွားခဲ့ပါတယ်။

"အပြောင်းအလဲတွေဖြစ်ဖို့ အချိန်ပေးရတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့ အနာဂတ်ကို ယုံကြည်မှု ရှိစေဖို့ အပြောင်းအလဲတွေဟာ အခြေခိုင်ဖို့ လိုအပ်ပါတယ်။ အာမခံချက် ရှိဖို့ လိုအပ်ပါတယ်။ ရေရှည်ခံတဲ့ အပြောင်းအလဲဖြစ်ရေးမှာ EU ကလည်း လက်တွဲကူညီနိုင်ဖို့ မျှော်လင့်ပါတယ်"

EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Catherine Ashton ဟာ မြန်မာနိုင်ငံကို ၃ ရက် ခရီးစဉ်နဲ့ရောက်နေ တာဖြစ်ပြီး သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ပါဝင် တွန်းအားပေးနေသူတွေနဲ့ အချိန်ယူ တွေ့ဆုံနိုင်မယ့်အတွက် ဝမ်းသာတယ်လို့ ပြောပါတယ်။ သူဟာ တနင်္လာနေ့ ကျရင်တော့ နေပြည်တော်ကိုသွားပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဦးသိန်းစိန်အစိုးရက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီး နိုင်ငံတကာနဲ့လည်း အဆက် အဆံလုပ်ဖို့ လိုလားမှုတွေ ပြသလာခဲ့ပြီးနောက်မှာ နိုင်ငံတကာက အဆင့်မြင့် သံတမန်တွေ မြန်မာနိုင်ငံကို လာပြီး အပြောင်းအလဲတွေ ရှေ့ဆက်နိုင်ဖို့ အကူအညီတွေကို ကမ်းလှမ်းနေကြတာပါ။ မနက်ဖြန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Kin Moon ဟာလည်း မြန်မာနိုင်ငံကို ရောက်လာဖို့ ရှိနေပါတယ်ရှင်။

XS
SM
MD
LG