သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ပြောင်းလဲရေး EU စိုးရိမ်ဆဲ


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မိမိမှာ လောလောဆည် ရှိနေတဲ့ စိုးရိမ်ချက်တွေကတော့ ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်သွားဖို့ပဲ ဖြစ်သလို နိုင်ငံရေး အရ ရော စီးပွားရေးအရပါ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ဖြစ်ပါတယ်လို့ ဥရောပသမဂ္ဂ EU ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton က ပြောလိုက်ပါတယ်။ ဥရောပကော်မရှင် ရဲ့ အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦးအဖြစ် သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး တဲ့နောက်မှာ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း Catherine Ashton က ခုလို ပြောလိုက်တာပါ။ အသေးစိတ်ကိုတော့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ဆက်ပြီး ပြောပြပါမယ်ရှင်။

မြန်မာနိုင်ငံဟာ ခရီးတခုကို စတင်နေပြီဖြစ်ပြီး ခရီးဆုံးကိုတော့ မရောက်သေးဘူးလို့ သူက ပြောပါ တယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့ပတ်သက်ရင် လက်ရှိမှာအမြဲလို ထည့်ပြောနေ ရတဲ့ နောက်ကြောင်းပြန် လှည့်မယ့် အလားအလာ ရှိသေး လားဆိုတာနဲ့ပတ်သက်ပြီး အဲဒီစကားဟာ သူနဲ့ တွေ့ဆုံဆွေးနွေးပြောဆိုခဲ့သူတွေက သုံးနှုန်းခဲ့တဲ့စကား ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

“နောက်ကြောင်းပြန်မလှည့်ဘူးဆိုတဲ့ ဝေါဟာရဟာ ကျမနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သူတွေက သုံးနှုန်း ပြောဆို တဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အဲဒါဟာ အားလုံးထဲမှာ အရေးအကြီးဆုံး ဝေါဟာရဖြစ်တယ်လို့ ကျမ ထင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့မြင်ချင်တာက နောက်ကြောင်း ပြန်လှည့်လို့ မရနိုင်တဲ့ ပြုပြင်ပြောင်းလဲရေး နဲ့ အပြောင်းအလဲတွေဖြစ်ပါတယ်”

လို့ မစ္စကက်သရင်းအက်ရှ်တွန်က ပြောပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ ရှိနေချိန်အတွင်း သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် အစိုးရ အဖွဲ့ ဝန်ကြီးအသီးသီးနဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အခုလက်ရှိ မြန်မာနိုင်ငံအခြေအနေမှာ ရှိနေတဲ့ သူ့ရဲ့ စိုးရိမ်ချက်တချို့ကိုလည်း သတင်းစာရှင်းလင်းပွဲ အတွင်း သူက ပြောဆိုခဲ့ပါ တယ်။

“ကျမမှာရှိနေတဲ့ စိုးရိမ်ချက်တွေကတော့ ဒီလုပ်ငန်းစဉ် ရှေ့ဆက်သွားရေး သေချာစေ ဖို့နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး မှာရော၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးမှာပါ အပြောင်းအလဲတွေ လုပ်နေတာကို မြင်တွေ့နေရရေး သေချာစေဖို့ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းက နိုင်ငံအများအပြားမှာ ကျမတို့သိထားတာတွေ့ထားတာတွေအရ နိုင်ငံရေးနဲ့စီးပွားရေး အတူတကွ ပြောင်းလဲသွားဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုကြီးတွေ ရှိနေပါတယ်။ ဒါဟာ ထိတွေ့ဆက်ဆံဖို့ တကယ့်ကို အရေးကြီးတာပါ။ ဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ အခြေခံအဆောက်အအုံတွေ အပြောင်းအလဲလုပ်ဖို့အတွက် ကျမတို့ အထောက်အပံ့ပေးရေး သေချာအောင် လုပ်ရပါမယ်။ ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အား ကိစ္စ ဟာ ဒေသအများအပြားအတွက် တကယ့်စိုးရိမ်ဖွယ်ကိစ္စ ဖြစ်နေတာပါ၊ ပြီးတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေဆီ ဦးတည်ပြီး နိုင်ငံရေးအပြောင်းအလဲတွေ ဆက်ဖြစ်သွားတာကို ကျမတို့မြင်တွေ့ လိုပါတယ်။”

လို့ မစ္စအက်ရှ်တွန်က ပြောပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တာတွေထဲက ကိစ္စရပ်တချို့ကိုလည်း မစ္စအက်ရှ်တွန် က ပြောပြခဲ့ပါတယ်။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်တဲ့အဆင့်ကနေ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ လူမျိုးစုပဋိပက္ခကို အဆုံးသတ်ဖို့၊ ဒုတိယအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးတာသာမက တိုင်းပြည်ရဲ့ကိစ္စရပ်တွေမှာ သူတို့တွေအားလုံး အပြည့်အ၀ ပါဝင်ခွင့် ရစေဖို့နဲ့ တတိယအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့၊ အဲဒီနေရာမှာ လူထုကို ဘယ်လို ကူညီထောက်ပံ့နိုင် မယ်၊ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်စေရေး ဘယ်လိုကူညီနိုင်မယ်ဆိုတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။၂၀၁၂-၂၀၁၃ ကာလအတွက် ယူရိုငွေသန်းပေါင်း ၁၅၀ အကူအညီပေးဖို့ EU က လျာထားပြီး သားဖြစ်ပါတယ်။

အထူးသဖြင့် ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေ ဖွံဖြိုးတိုးတက်ရေး အကူအညီပေးဖို့ မြန်မာအစိုးရဘက်က ပန်ကြားခဲ့တာရှိပြီး EU အနေနဲ့ လည်း အဲဒီကဏ္ဍတွေအတွက် အကူအညီပေးဖို့ စိတ်အားထက်သန်နေပုံ ရပါတယ်။ စစ်ရေးကိစ္စကလွဲလို့ ကျန်ကိစ္စတွေ အားလုံး အတွက် ဒဏ်ခတ်အရေးယူထားတာကို တနှစ်တာ ရပ်ဆိုင်းထားပြီးဖြစ်တဲ့အတွက်လည်း အကူအညီတွေပေးဖို့ အတွက် က လမ်းပွင့်နေပြီးသားပါ။

မြန်မာအစိုးရဘက်ကတော့ ဒဏ်ခတ်အရေးယူတာတွေ လုံး၀ ရုပ်သိမ်းတာကိုမြင်ချင်ပြီး အခု ရုပ်သိမ်း ထားတယ်ဆိုတာဟာ အင်မတန်အားကောင်းတဲ့ သတင်းစကားပါးလိုက်တာပဲဆိုတာကို သူတို့ ကောင်းကောင်း နားလည်ပါတယ်လို့ မစ္စအက်ရှ်တွန်က ပြောပါတယ်။

“အဲဒါဟာ အခုချိန်ထိ ဖြစ်ပေါ်တိုးတက်မှုတွေကို အသိအမှတ်ပြုတာပါပဲ။ ဒါ့အပြင် အခုလို ရုပ်သိမ်း လိုက်တာရဲ့ သဘောသဘာဝအရကိုက ခရီးရှည်ကို ဆက်ပြီး သွားရဦးမှာဖြစ်ပြီး လုပ်စရာ အများကြီး ရှိနေသေးတယ် ဆိုတာကိုလည်း အားကောင်းကောင်း အချက်ပြလိုက်တာပါ။ သမ္မတက ဒါကို နားလည် တယ်လို့ ကျမထင်ပါတယ်။ ဒဏ်ခတ်အရေးယူမှု တွေကို ကျမတို့ရုပ်သိမ်းလိုက်နိုင်မယ့်တနေ့ကို သူတို့ မျှော်လင့်နေမယ်ဆိုတာ ကျမသေချာပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်မှာ ကျမတို့ဟာ အရေးပါ တဲ့ခြေလှမ်း တခု လှမ်းလိုက်တာဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်က သိပ်ရှင်းလင်းပြီး ကောင်းကောင်း နားလည်ပြီးသားဖြစ်တယ်လို့ ကျမထင်ပါတယ်”

လို့ မစ္စအက်ရှ်တွန်က ပြောသွားပါတယ်။

လွှတ်တော်တွင်းမှာ ကျမ်းသစ္စာကျိန်ဆိုပြီး တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့တာကို လည်း မစ္စအက်ရှ်တွန်က အသိအမှတ်ပြု ချီးကျူးခဲ့သလို နယ်ပယ်အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲလုပ်ဆောင်သွားချင်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ့ကိုပြောခဲ့တာကို လည်း ပြန်ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆီ မကြာခင်ကာလတွေအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ဝင်လာတော့မှာဖြစ်ပေမဲ့ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြို့ကြီးတွေမှာပဲ ရှိနေမှာ များတာမို့ ကျေးလက်ဒေသတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘယ်လို အကူအညီ ပေးနိုင်မယ် ဆိုတာကိုလည်း စဉ်းစားဖို့ အရေးကြီးတယ်လို့ ထင်မြင်ကြောင်း ဥရောပကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ ကက်သရင်းန် အက်ရှ်တွန်က မြန်မာနိုင်ငံခရီးစဉ်ကအပြန် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG