သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသင်္ဘောနစ်မြုပ် လူ ၁၀၀ ကျော်သေ


အိန္ဒိယနိုင်ငံက အကြီးဆုံး မြစ်တစင်းဖြစ်တဲ့ ဗြဟ္မပုတ္တရမြစ်ထဲမှာ လူတွေကျပ်သိပ်ပြီး လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစင်း တိမ်းမှောက်ရာက ပျောက်ဆုံးနေသူ ၁၀၀ ကျော်ကို အရေးပေါ် ကယ်ဆယ်ရေး တွေ၊ ရေငုပ်သမားတွေက ရှာဖွေရေး လုပ်ငန်းတွေ ပြန်လည် စတင်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ဒေသက ဗြဟ္မပုတ္တရမြစ်အတွင်း တနင်္လာနေ့မှာ ၂ ထပ် ကူးတို့ သင်္ဘော တိမ်းမှောက်ပြီး ထက်ပိုင်းကျိုးသွားရာက လူပေါင်း ၁၀၃ ယောက်ထက်မနည်း ရေနစ် သေဆုံးခဲ့ကြတာပါ။ သင်္ဘောနစ်မြုပ်စဉ် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှာရှိတဲ့ Dhubri ခရိုင်မှာ ကိုယ့်ဘာသာ ရေကူး လွတ်မြောက်လာသူတွေနဲ့ ကယ်ဆယ်နိုင်သူ ခရီးသည် ၁၀၀ လောက် ရှိတယ်လို့ အာသံပြည်နယ် ရဲမှူးကြီးက ပြောပါတယ်။

နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်မှာတော့ ခရီးသည် ၃၀၀ လောက်အပြင် ဆန်အိတ်တွေနဲ့ တခြား ကုန်တွေ အလွန်အကျွံ တင်ဆောင်လာခဲ့တာပါ။ ဒါပေမဲ့လည်း အသက်ကယ်လှေနဲ့ အကျီၤတွေတော့ သင်္ဘော ပေါ်မှာ ပါမလာခဲ့ပါဘူး။ ဒီဒေသမှာ သိရလောက် မတော်တဆမှု ကြုံရတဲ့အထဲ အခု သင်္ဘော တိမ်းမှောက်မှုဟာ အဆိုးရွားဆုံးလည်း ဖြစ်ပါတယ်။

မုတ်သုန်ရာသီအကြို မိုးရွာသွန်းမှုတွေနဲ့ လေပြင်း တိုက်ခတ်မှုတွေကြောင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း အဟန့်အတားတွေ ကြုံနေရတာပါ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ တာဝန်ရှိသူတွေ ကို ဆက်သွယ်ပြီး အသက်ရှင် ကျန်ရစ်သူတွေ ရှာဖွေနိုင်ရေး အကူအညီပေးဖို့ တောင်းဆိုထားတယ် လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Manmohan Singh က ဒီအဖြစ်အပျက်ကြောင့် တုန်လှုပ် ခြောက်ခြား မိတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG