ဆီးရီးယားစစ်တပ်တွေက မြို့ကြီးတွေပေါ်မှာ လက်နက်ကြီးတွေ ကိုင်ထားကြဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေက ပြောပါတယ်။ တနှစ်ကျော်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆီးရီးယားအစိုးရဘက်ကရော အတိုက်အခံများဘက်ကပါ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ပြောခဲ့တာပါ။
ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ်တို့ရဲ့ ကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ ကြိုးပမ်းမှုနဲ့ရရှိထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို နှစ်ဘက်စလုံးက လေးစားကြဖို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အင်္ဂါနေ့အကြမ်းဖက်မှုများအတွင်း စစ်သား ၁၂ ယောက်နဲ့ အရပ်သားတစ်ဦး အရှေ့မြောက်ခရိုင် ဒိုင်ယာ အက်ဇ္ဇာ (Deir Ezzor) တိုက်ပွဲမှာ သေဆုံးကြတဲ့အကြောင်း အတိုက်အခံတို့က ပြောပါတယ်။
အနောက်မြောက်ခရိုင် အိဒ်လစ် (Idlib) မြို့မှာလည်း မော်တာကျည်ဆံတစ်ခု ပေါက်ကွဲတဲ့အတွက် လူဆယ်ဦး သေဆုံးတဲ့အကြောင်း ဗြိတိန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ လွတ်လပ်တဲ့သတင်း အတည်ပြုမှုတွေတော့ မရှိသေးပါဘူး။ ဧပြီလ ၁၂ ရက်၊ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိပြီးကတည်းက ဆီးရီးယားမှာ ကလေး ၃၄ ယောက် သေဆုံးခဲ့ရတဲ့အကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောကြားပါတယ်။
ကုလသမဂ္ဂကိုယ်စားလှယ် ရပ်ရှီဂါ ကူမာရ် ဆွာမိက ဆီးရီးယားအစိုးရကိုရော အတိုက်အခံတွေကိုပါ ရမ်းသန်း ပစ်ခတ်သတ်ဖြတ်မှုတွေကို ရှောင်ရှားကြဖို့ မေတ္တာရပ်ခံထားပါတယ်။