သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် အမတ်တချို့ ပြည်ပ ခရီး သွားမည်


လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားချိန်မှာ လွှတ်တော် ကိုယ်စားလှယ်တချို့ ဥရောပနိုင်ငံတွေက လွှတ်တော်တွေကို လေ့လာဖို့ လေ့လာရေး ခရီးထွက်ကြမှာ ဖြစ်ပါတယ်။ မေလ ၅ ရက်နေ့၊ စနေနေ့ကျရင် ဂျာမနီနိုင်ငံကို သွားမယ့်ခရီးစဉ်တခု ရှိသလို မေလထဲမှာလည်း တခြားဥရောပ နိုင်ငံတွေဆီကို သွားမယ့် ခရီးစဉ်တွေရှိနေပါတယ် အခုလို မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေ နိုင်ငံခြား သွား လေ့လာ ကြတဲ့အခါမှာ ဘယ်လိုအတွေ့အကြုံတွေ ရရှိဖို့ မျှော်လင့်နေကြပါသလဲ။ ဘယ်ပါတီကိုယ်စားလှယ်တွေက ဘယ်နိုင်ငံတွေဆီကို သွားမှာလဲဆိုတာကို ခရီးထွက်မယ့် ကိုယ်စားလှယ်တွေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဂျာမနီနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ LDP ပါတီနဲ့နီးစပ်တဲ့ Friedrich Naumann Foundation ကမကထ လုပ်ပြီး ဖိတ်ကြားတဲ့ ကိုးရက်ကြာ ဂျာမနီခရီးစဉ်တခုကို မေလ ၅ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ စတင်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP က ဒေါက်တာအေးမောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ SNDP က ဦးစိုင်းအိုက်ပေါင်း၊ ပြည်ခိုင်ဖြိုးပါတီက ဦးဝင်းဦး၊ ဦးဝင်းသန်း၊ ဦးအေးမောက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးမင်းဦးနဲ့ ဒေါက်တာလှမြတ်ဒွေးတို့ ပါဝင်ကြမှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း သွားရောက်လေ့လာဖို့ရှိတာတွေကို ဒေါက်တာအေးမောင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ဂျာမန်လွှတ်တော်လေ့လာဖို့ရယ်၊ နောက် Regional ပါလီမန်တွေ ရှိပါတယ်။ Saxon တို့ ဘာတို့ - အဲဒါတွေကို လေ့လာဖို့ ရယ်၊ နောက် သိရသလောက် ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာန LDP ပါတီက ရထားပြီလို့ ကြားပါတယ်။ ဝန်ကြီးငါးပါး ရတယ်လို့ ကြားပါတယ်။ အဲဒီလို LDP ပါတီနဲ့ ဆက်စပ်တဲ့ ဝန်ကြီး ဌာနတွေကို တွေ့ဆုံဖို့ ရှိနိုင်ပါတယ်။ နောက် LDP ပါတီနဲ့ ပတ်သက်တဲ့ လေ့လာရေးနဲ့ ပတ်သက်တဲ့ လေ့လာရေးတွေ လည်း ရှိနိုင်ပါတယ်။ ”

ဒီခရီးစဉ်တွေဟာ ၂၀၁၀ ပြည့်ရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွေကနေ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာကြသူတွေအတွက် ပထမဆုံး ပြည်ပခရီးစဉ်တွေမဟုတ်ပေမယ့် အနောက် ဒီမိုကရေစီနိုင်ငံတွေဆီ သွားတာကတော့ ပထမဆုံးခရီးစဉ်တွေဖြစ်ပါတယ်။ NLD လွှတ်တော် ကိုယ်စားလှယ်တွေအတွက်ဆိုရင်တော့ ပြည်ခိုင်ဖြိုး အပါအဝင် တခြားပါတီတွေက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပထမဆုံး ပြည်ပခရီး အတူသွားတာလည်းဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ နုနယ်လှသေးတဲ့ မြန်မာလွှတ်တော်တွေက လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အကျိုး ရှိပါတယ်လို့ SNDP ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအိုက်ပေါင်းကပြောပါတယ်။

“အကျိုးကျေးဇူးတွေ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဂျာမဏီဆိုတာက ဥရောပမှာ အကြီးဆုံးနိုင်ငံပဲလေ။ EU ထဲမှာ သူက အကြီးဆုံးပဲ။ နောက်ပြီးတော့ သူတို့နိုင်ငံက Federal State၊ ဖက်ဒရယ်နိုင်ငံ၊ ပြည်ထောင်စုစနစ်ပေါ့နော်။ ပြည်ထောင်စု စနစ်နဲ့ သူတို့အုပ်ချုပ်နေတာ။ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံ အတွက် သင်ခန်းစာအများကြီးရနိုင်သလို အတွေ့အကြုံ ရမယ် လို့ တော့ မျှော်လင့်ပါတယ်။ ”

နောက်ထပ် ဂျာမနီခရီးစဉ်တခုနဲ့ ဘယ်လ်ဂျီယမ်၊ နော်ဝေး ခရီးစဉ်တွေကိုလည်း တခြား လွှတ်တော် ကိုယ်စားလှယ်တွေ ဒီလထဲ အတွင်းမှာပဲ သွားဖို့ရှိနေပါသေးတယ်။ အဲဒီခရီးစဉ်တွေမှာတော့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တချို့လည်း ပါဝင်မှာပါ။

ခရီးစဉ်အတွင်း ကျင်းပဆဲ ဂျာမန်လွှတ်တော်အစည်းအဝေးတွေကို သွားရောက်လေ့လာကြမှာမို့ ဒီမို ကရေစီကို အခုမှစပြီး တည်ဆောက်စ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒီမိုကရေစီ ရင့်ကျက်ပြီးသား နိုင်ငံတခုက လွှတ်တော်တွေ ရဲ့ လုပ်ပုံကိုင်ပုံတွေကို လေ့လာခွင့်ရတာဟာ အထောက် အကူဖြစ်စေတယ်လို့ ဒေါက်တာအေးမောင်ကလည်း မြင်ပါတယ်။

“ကျနော်တို့က တည်ဆောက်စလွှတ်တော်- တနှစ်သက်တမ်းကျော်ကျော်လောက်ပဲ ရှိတာကို။ ဒီကာလမှာ ဒီမိုကရေစီ ရင့်ကျက်ပြီးသား မည်သည့်နိုင်ငံမဆိုပေါ့နော် ဖိတ်ခေါ်တယ်၊ တရားဝင် သို့မဟုတ်၊ ဖောင်ဒေး ရှင်း (Foundation) တွေကပဲ ဖြစ်ဖြစ် ကျနော်တို့ကို ဖိတ်ခေါ်လို့ ကျနော်တို့က official မဟုတ်ရင်တောင်မှ တခြားနည်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တိုင်း၊ ပါလီတိုင်းက သွားရောက်ခွင့် ရမယ်ဆိုရင် အင်မတန် ထူးကဲတဲ့ အခွင့်အလမ်းပါပဲ။ ဒီကာလကတော့ တည်ဆောက်ကြရတဲ့ကာလကိုး။ လေ့လာဖို့ ဖိတ်ခေါ် တဲ့ နိုင်ငံကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အားပေးကူညီတဲ့ ဖောင်ဒေးရှင်းကြီးတွေကို လည်း ကျေးဇူးတင်ပါတယ်။ အဲလို ဖိတ်ခေါ်ခြင်းရဲ့နောက်မှာတော့ အခုနလို အတွေ့အကြုံ ဖလှယ်တာတို့ ကျနော်တို့ဘက်က တည်ဆောက်ရမယ့် ကဏ္ဍတွေအများကြီးအတွက် အထောက်အကူဖြစ်တယ်လို့ပဲ သုံးသပ်ပါတယ် ခင်ဗျ”

RNDP ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပါ။

လွှတ်တော်အစည်းအဝေးတွေက အခုအခါမှာ ရပ်နားထားပြီဖြစ်ပြီး ဇူလိုင်လဆန်းမှာ ပြန်စမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီ ပြန်စမယ့် လွှတ်တော်အစည်းအဝေးတွေကျမှသာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျမ်းသစ္စာကျိန်ဆိုပြီးစီး သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ အစည်းအဝေးတက်ကြမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ ဇွန်လအတွင်း နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေဆီ ခရီးထွက်ဖို့ ရှိတယ်လို့ ပြောထားပါတယ်။ အဲဒီခရီးစဉ်တွေ ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်တွေ ဖြစ်ပါလိမ့်မယ်ခင်ဗျား။

XS
SM
MD
LG