သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO အပေါ် အစိုးရထိုးစစ် အရှိန်မြှင့်


အစိုးရနဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြား ထာဝရငြိမ်းချမ်းရေး ရဖို့ ဆွေးနွေးမှုတွေ ရှေ့မတိုးနောက် မဆုတ် ဖြစ်နေချိန်မှာပဲ KIO ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို မြန်မာ အစိုးရတပ်ဖွဲ့က လမ်းကြောင်းသုံးခု ကနေ ချဉ်းကပ်နေပါတယ်။ လိုင်ဇာမြို့ကို ပစ်ခတ်နိုင်တဲ့နေရာတွေမှာ လက်နက်ကြီးတွေ နေရာ ချထားနိုင်ပြီဆိုရင် အစိုးရတပ်ဘက်က ထိုးစစ် စတင်လာနိုင်တယ်လို့ KIO ဘက်က သုံးသပ်နေပါ တယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်တဲ့ တချိန်တည်းမှာပဲ နှစ်ဘက် တိုက်ပွဲတွေဟာ ဒီရက်ပိုင်းတွေအတွင်းမှ ပိုပြီးတော့ ပြင်းထန်လာနေတာပါ။ အခုလို ကချင်ဘက်မှာ ဖြစ်နေတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ကို ထိုးစစ်ဆင်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့တဲ့ ဒီရက်ပိုင်းတွေ အတွင်းမှာ KIO ဌာနချုပ် လိုင်ဇာဒေသမှာ သာမက ကချင်ပြည်နယ်က အခြား ဒေသတွေမှာပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အစိုးရတပ်တွေဘက်က လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ သလို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကလည်း ပန်ဝါမြို့အနီးက လုပိခေါ် အစိုးရရဲ့ နယ်ခြားစောင့် တပ်စခန်းတခုကို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အစိုးရဘက်က ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့ရတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အခုလို ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာတဲ့ အဓိကအချက်က ဘာကြောင့်လဲ လို့ မေးမြန်းရာမှာတော့ KIO ရဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်က အခုလို ပြောပါတယ်။

“အစိုးရစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုပြင်းထန်လာတယ်။ သူတို့ရဲ့တပ်တွေ ပိုပြီး အင်အားဖြည့်တင်းလာ တယ်။ အဓိက အချက်က အဲဒါပဲခင်ဗျ။ ခါတိုင်းသူတို့ တပ်စခန်းတွေမှာ အင်အား ၂၀-၂၅ပဲ ရှိတဲ့ နေရာမှာ အခုတော့ အယောက် တစ်ရာနီးပါး အင်အားဖြည့်ထားတယ်။ အရင်တုံးက ၆၀ မမပဲ ထားတဲ့နေရာမှာ အခု ၁၂၀ မမ တို့၊ ၈၁ မမတို့ လက်နက်ကြီးတွေ ဖြည့်ထားဖို့လုပ်တယ်။ နားဖော့စခန်းမှာ အယောက် ၃၀ လောက်ပဲရှိတယ်။ အဲဒီမှာ ရဟတ်ယာဉ်ခေါက်တုန့်ခေါက်ပြန်လုပ်တာ ၂၅ ကြိမ်လောက်ရှိတယ်။ လူအင်အားဖြည့်တယ်၊ လက်နက်ကြီး တပ်ဆင်ထားတယ်။ ဒီလိုမျိုးလုပ်တာဟာ KIO ဌာနချုပ်ကို မသိမ်းပါဘူးဆိုတာနဲ့ လုံးဝကွဲပြားမှုရှိတယ်ခင်ဗျ။”

လောလောဆယ်မှာ အစိုးရတပ်တွေက မြစ်ကြီးနား၊ ဝိုင်းမော်၊ ရွှေညောင်ပင်၊ ဂန်ဒေါင်ယန် လမ်းကြောင်း၊ ဗန်းမော်- ဒေါ့ဖုန်းယန်လမ်းကြောင်း၊ ဗန်းမော်-ရှဒန်ပါ လမ်းကြောင်း စတဲ့ လမ်းကြောင်းသုံးကြာင်းကနေ လိုင်ဇာမြို့အနီးကို ချဉ်းကပ်လာနေတယ်လို့ ပြောပါတယ်။

ဒီလို ချဉ်းကပ်လာတာ လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်နိုင်တဲ့ အကွာအဝေး ရောက်ပြီဆိုရင်တော့ အစိုးရဘက်က ထိုးစစ်ဆင်နိုင်တယ်လို့ ဦးလနန်က သုံးသပ်ပါတယ်။

“လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်မှာ သူတို့ ဆက်တိုက်လို ပစ်တာမျိုးရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ သူတို့ ဗဟိုဌာနကို လက်နက်ကြီး ချိန်ရွယ်ပစ်ခတ်တာ နားထားတယ်။ ဂန်ဒေါင်ယန်ကနေ ပြီးတော့ သူတို့ လက်နက်ကြီးပစ်တဲ့အခါမှာ ၁၀၅ မမ ဟောင်ဝစ်ဇာ ပစ်တဲ့အခါမှာ ဗဟိုဌာနကို မရောက်နိုင်ဘူးခင်ဗျ။ ဒါကြောင့် သူတို့က အဲဒီ ၁၀၅ မမ-ကို ဂန်ဒေါင်ယန်ကနေ အင်ဗွေယန်ကျေးရွာကို ဆွဲလာဖို့ လုပ်နေကြ တယ်။ အခု ၁၀၅-မမ ကတော့ ဂန်ဒေါင်ယန်ကနေ အင်ဗွေယန်ကို ဆွဲလာတာ တခု ရှိမယ်။ ဒေါ့ဖုန်းယန်-ခမ်းကိုင်ဆိုတဲ့ အဲဒီတောင်စခန်းမှာ သူတို့ အဲဒီမှာလည်း ၁၀၅ မမ ရှိမယ်။ နောက်ပြီးတော့ ဒီ ရှဒန်ပါ ဘက်မှာလည်း လက်နက်ကြီး ပြင်ဆင်ထားတာရှိတယ်။ အဲဒီ သုံးဘက်သုံးတန်ကနေပြီးတော့ အဆင်သင့်ဖြစ်တဲ့အခါမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့ အဆင်သင့်လုပ်နေကြတယ်။”

အစိုးရဘက်က လက်နက်ကြီးတွေ နေရာချထားဖို့ တောင်ကုန်းတွေကို တက်ရောက် ရှင်းလင်းသိမ်း ယူနေတာကြောင့် လိုင်ဇာအနီး ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဦးလနန်က ဆက်ပြောပါတယ်။

ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာတော့ လုပိစခန်းတိုက်ပွဲက ဆုတ်ခွာသွား KIA တပ်တွေကို အစိုးရ စစ်ကြောင်းတွေက လိုက်လံရှင်းလင်းရာမှာ လက်နက် ၁၄ လက်၊ အလောင်း၂၉ လောင်းနဲ့ KIA တပ်ဖွဲ့ဝင် တယောက် ဖမ်းဆီးရမိကြောင်းနဲ့ KIA က ဒေသခံရွာသူ ရွာသား ၃၄၅ ယောက်ကို ပေါ်တာအဖြစ် ဖမ်းဆီးသွားကြောင်း ဖော်ပြပါတယ်။

ဦးလနန်ကတော့ ကျဆုံးသူ အဲလောက်မများကြောင်းနဲ့ လူ ၃၀၀ ကျော် ဖမ်းဆီးတယ်ဆိုတာလည်း မဖြစ်နိုင်ကြောင်း ငြင်းဆိုပါတယ်။

KIA တပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ်အကြားမှာ အခုလို တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ KIO ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် လွယ်ဂျယ်မြို့နယ်အတွင်းမှာ တွေ့ဆုံဖို့ ဧပြီလ ၂၉ ရက်နေ့က ထပ်မံ ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ အစိုးရဘက်က အခုထိ အကြောင်းမပြန်သေးပါဘူး။

ဧပြီလ ၁၇ ရက်နေ့က မြန်မာအစိုးရဘက်က မြစ်ကြီးနား သို့မဟုတ် ဗန်းမော်မှာ ဆွေးနွေးဖို့ ကမ်းလှမ်း တာကိုတော့ KIO က စစ်ရေးတင်းမာနေချိန် ဖြစ်တာကြောင့် မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ဆွေးနွေးဖို့ ငြင်းပယ်ထားတာလည်း ဖြစ်ပါတယ်။

KIO နဲ့ ဦးအောင်သောင်းခေါင်းဆောင်တဲ့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ သုံးကြိမ်ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ နှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးတာတွေ မပြေလည်သေးတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည် ၆၀,၀၀၀ ကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ် အတွင်းက မြို့ကြီးတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

XS
SM
MD
LG