သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် - ဖိလစ်ပိုင် ဆက်ဆံရေး တင်းမာ


တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကျွန်းစုတွေကိစ္စအတွက် ဖိလစ်ပိုင်နိုင်ငံနဲ့ ရေကြောင်း ဆိုင်ရာ တင်းမာမှုတွေ လနဲ့ချီ ဖြစ်ပေါ်နေတဲ့အပေါ် ဖိလစ်ပိုင်ဘက်က အရှိန်မြင့်လုပ်ဆောင်လာတဲ့ ဘယ်ကိစ္စကိုမဆို သူတို့ဘက်က တုံ့ပြန်သွားဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ၁၄၃ မိုင်လောက်အကွာမှာရှိတဲ့ Scarborough Shoal ပိုင်ဆိုင်မှုအပေါ် အငြင်းပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တရုတ်အစိုးရအနေနဲ့ အကောင်းမြင်တဲ့သဘောမရှိဘူးလို့ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Fu Ying ပြောတာကို ကိုးကားပြီး အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဒီကနေ့ ဖော်ပြထားတာပါ။

အခုဖြစ်နေတဲ့ကိစ္စမှာ သံတမန်ပီပီ မှန်မှန်ကန်ကန်ရပ်တည် လုပ်ဆောင်ဖို့ တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးယာယီ တာဝန်ခံကို ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖူက တနင်္လာနေ့မှာ ခေါ်ယူ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စ စေ့စပ် ညှိနှိုင်း အဖြေရှာဖို့ ခက်ခဲအောင် ဖိလစ်ပိုင်ဘက်က ပြဿနာပိုကြီးထွားအောင် လုပ်နေတယ်လို့ ဖိလစ်ပိုင်သံရုံးတာဝန်ခံ Alex Chua ကို ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ခေါ်ယူ သတိပေးခဲ့တာပါ။

နှစ်ဘက်စလုံးကို သူတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုနေတဲ့ ကျွန်းစုတွေအနီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့တုန်းက တရုတ် ငါးဖမ်း သင်္ဘောသားတွေကို ဖိလစ်ပိုင်ဘက်က ဖမ်းဆီးဖို့ လုပ်ဆောင်တာကို တရုတ်စောင့်ကြည့်ရေယာဉ်တွေက တားဆီးလိုက်ရာက နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှုတွေ စတင် ဖြစ်ပေါ်ခဲ့တာပါ။

ဒီကိစ္စကို နိုင်ငံတကာ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းဖို့ ဖိလစ်ပိုင်ဘက်က တောင်းဆိုတာကို တရုတ်တို့က ပယ်ချထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG