သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကောင်စီသစ်ရဲ့ ရှေ့ခရီး


မြန်မာနိုင်ငံ မှာ အရင်က အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ နှစ်ဖွဲ့ ရှိရာကနေ အခု အဖွဲ့တခုတည်း အဖြစ် ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်၊ ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်း ဟာ ဒီအဖွဲ့သစ်ရဲ့ ဥက္ကဋ္ဌ အဖြစ် ခေါင်းဆောင်ပြီး အစိုးရ အဖွဲ့၊ တပ်မတော်နဲ့အတူ ပြည်သူလွှတ်တော်အဖွဲ့ စတဲ့ အဖွဲ့ ၃ဖွဲ့နဲ့အတူ ပြန်လည် တိုးချဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်၊

ဒီအဖွဲ့သစ်ဟာ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ အခု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ထဲမှာပါတဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ဘယ်လို ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိသလဲဆိုတာကိုတော့ ဆက်သွယ် မေးမြန်း ထားတဲ့ မသင်းသီရိက အပြည်အစုံ ဆက်ပြောပြမှာပါ။၊

++++++


အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖဲ့ွကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဖွဲ့စည်း ပေးခဲ့တာဖြစ်ပြီး အရင်က ရထား ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ခေါင်းဆောင်တဲ့အ ဖွဲ့ နှစ်ဖွဲ့ ရှိပါတယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့က အဖွဲ့သစ်ပြန်ဖွဲ့ရာမှာတော့ ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယုူကာ ဒုတိယဥက္ကဋ္ဌ ၃ယောက်နဲ့ တစ်ဖွဲ့တည်း ပြန်ဖွဲ့ လိုက် တာပါ၊ ဒုတိယ ဥက္ကဋ္ဌတွေနေရာ မှာတော့ အစိုးရအဖွဲ့က တယောက်၊ စစ်တပ်ဘက်က တယောက်နဲ့အတူ ပြည်သူ လွှတ်တော်ဘက်က တယောက်နဲ့ ပြန်ဖွဲ့ထားတယ်လ့ို့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ အဖွဲ့ဝင် အဖြစ်ပါဝင်သူ စက်မှု ဝန်ကြီး ဦးစိုးသိန်းက VOA မြန်မာပိုင်းကို ပြောပါတယ်၊

“ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒုတိယဥက္ကဋ္ဌ ၃ယောက် ရယ် အောက်က အဖွဲ့ရယ်နဲ့ စတင်ဆောင်ရွက်လျက် ရှိပါတယ်။ အစိုးရဘက်က ဒုတိယ ဥက္ကဋ္ဌက ဦးအောင်မင်း ဖြစ်တယ်၊ တပ်မတော်ဘက်က ဒုတိယဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီး စိုးဝင်းဖြစ်တယ်။ လွှတ်တော်ဘက်က ဒုတိယဥက္ကဋ္ဌက ခု ပြည်သူ့လွှတ်တော်ထဲက အရင်လွှတ်တော်ရေးဝန်ကြီး ဦးသိန်းဇော် ဖြစ်တယ်။ ကျနော်တို့ ဝန်ကြီးအဖွဲ့က ဦးအောင်မင်း အောက်မှာ ကျနော်တို့ အရင်ပါတဲ့သူတွေ အဆက်ဆက်ပေါ့၊ ကျနော် တို့၊ ဦးခင်ရီ တို့၊ ဦးဇော်မင်း တို့၊ ဦးသန်းဌေး တို့၊ ဦးခင်မောင်စိုး တို့၊ ဟိုဘက်က တပ်မတော်ဘက်ကဆို တိုင်းမှူးတွေ ပါတယ်။ လွှတ်တော်ဘက်ကတော့ ကရင်ပြည်နယ်က ဦးစောသိန်းအောင် တို့ စသဖြင့်ပေါ့၊ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလူကြီးတွေကို ထည့်ထားတယ်။”

အခုလိုအဖွဲ့သစ် ဖွဲ့စည်းလိုက်တာဟာ မကြာခင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးစုံညီစွာ တေ့ွကြပြီး လွှတ်တော်ရှေ့မှာ သဘောတူညီချက်တွေရဖို့ အတွက် ကြိုတင်ပြင်ဆင်မှု ဖြစ်တယ် လို့လည်း ပြော ပါတယ်။

“ဒုတိယအဆင့်တက်တော့မယ်လေ၊ ခု ပြည်ထောင်စုအဆင့်ကနေ နောက် တက် တက် လာတော့မှာကိုး။ ဒီတော့ ဒီအဖွဲ့ကြီးတွေဆိုတော့ ပိုပြီးတော့ ပြည့်စုံကောင်းမွန်လာတာပေါ့။ တနည်းလည်း ခက်လာတာပေါ့။ အပေါ် တက်လာတဲ့ အခါကျတော့ လူတွေအားလုံး စုံလာမယ့်အဖွဲ့တွေ၊ နိုင်ငံရေးသဘောတရား ညှိနှိုင်းစရာတွေ အများကြီးဖြစ်လာမယ်။ အဆင် ပိုပြေမှာပေါ့။ တဖွဲ့ပဲကျန်တာကို အကြမ်းအားဖြင့်၊ အဲဒီတဖွဲ့ ကျနော်တို့ ပြောတာ ညှိနှိုင်းလို့ ရရင်၊ တဆင့်တဆင့် စုပြီးရင် ကျနော်တို့ အဖွဲ့တွေအားလုံး တနေရာမှာ စုတော့မယ်။ စုပြီးတော့ လိုတာတွေ ညှိနှိုင်းတော့မယ်လေ။ အဲတော့ တဆင့်တဆင့် တက်လာ၊ တဆင့် တဆင့် အခက်အခဲတွေ ပိုတွေ့လာမှာပေါ့နော်..။ ကျနော်တို့က တွေ့ဆုံတာပဲ၊ တွေ့ပြီး ညှိကြမှာပေါ့။ ညှိပြီးရင် ကျနော်တို့ လွှတ်တော်ဘက်ကို လွှဲပေးလိုက်မှာပေါ့။ လွှတ်တော်မှာ Agreement ယူမှာပေါ့။

အခု ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးအဖွဲ့သစ်ထဲမှာ ကချင် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့နဲ့ ဦးဆောင် ညှိနှိုင်း နေတဲ့ ဦးအောင်သောင်း မပါလာတော့တာနဲ့ ပတ်သက်လို့လည်း ခုလို ရှင်းပြပါတယ်။

“ခုန ကျနော်ပြောတဲ့ ဒုဥက္ကဋ္ဌ ၃ဦးထဲမှာ လွှတ်တော်ဘက်က ဦးသိန်းဇော်ကိုပဲ တာဝန်ပေးလိုက်တာပေါ့။ ဦးသိန်းဇော်က လွှတ်တော်မှာလည်း ငြိမ်းချမ်းရေးလုပ်တဲ့ ရေးရာတခုမှာ သူက ခေါင်းဆောင်”

မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နှက်ကိုင်အဖွဲတွေနဲ့ ငြိမ်းချမ်းရေး ညှိနေရာမှာ ကချင်တဖွဲ့က လွဲရင် အတော် များများနဲ့ ပြည်နယ်အဆင့် ပဏာမအပစ်ရပ် သဘောတူညီချက်တွေ ရထားပြီ ဖြစ်ပြီးို တဖွဲ့ တချို့ နဲ့ဲလည်း ပြည်ထောင်စု အဆင့် သဘောတူညီချက်တွေ လက်မှတ်ရေးထိုး ပြီးတာတွေတောင် ရှိနေပါပြီ၊ ဒါပေမဲ့ ခုချိန်ထိ ဘာကြောင့် ကချင် လက်နှက်ကိုင်အဖွဲ့နဲ့ ဘာလို့ ပြေလည်မှုမရသေးတာပါလဲ။ဝန်ကြီး ဦးစိုးသိန်းကတော့ မကြာခင် ငြိမ်းချမ်းရေးအဖွဲ့သစ်ဟာ ကချင်အဖွဲ့နဲ့တွေ့ဆုံညှိနှိုင်းဖို့ ရှိတယ်လို့ ပြော ပါတယ်၊

“ကျနော်တို့ ဦးအောင်မင်းအဖွဲ့က အဲဒီတဖွဲ့တော့ သွားမတွေ့ရသေးဘူး၊ မလုပ်ရသေးဘူး။ ကျနော်တို့ ဒီကနေ့ လုပ်လိုက် ရင် အဖြေ ပေါ်လာမှာပဲ။ ကျနော်တို့ တွေ့ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ကျနော်တို့ ကတော့ သဘောထားကွဲပြားတဲ့ အတွက် ကြောင့် ဒါ ညှိလိုက်ရင် ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သိပ် မကြာဘူး ဒီကိစ္စပြီးတော့မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”

အခု တိုင်းရင်းသာအဖွဲတွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရဖို့ လိုက်လံညှိနှိုင်းဆောင်ရွက် တဲ့ နေရာမှာ အစိုးရ အဖွဲ့အနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံရတာ ရှိပါသလဲ၊ ဝန်ကြီး ဦးစိုးသိန်းက

“ ရှိတော့ မရှိဘူးဗျ၊ နည်းနည်း စကားပြောရတာပဲရှိတယ်။ တန်းတူအခွင့်အရေးတို့၊ ပွင့်လင်း ထင်သာ မြင်သာ တာတို့၊ ဒါတွေက ပိုများပါတယ်။ ဒါတွေလည်း ကျနော်တို့ ဖြေရှင်းသွားမှာပဲ။ တချိန်ကျ ကျနော်တို့ Concept ပါပဲ။ အဓိက နှစ်ဘက်ပေါ့၊ သူတို့ဘက်၊ ကျနော်တို့ဘက်၊ ခံယူချက် လိုတာပါပဲ။ ကြိုးစားရမယ်၊ ယုံကြည်မှုတည်ဆောက်နိုင်ရမယ်”

ဒါကတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးအဖဲ့ွသစ် ပြန်လည်ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ စက်မှုဝန်ကြီး ဦးစိုးသိန်း ကို ဆက်သွယ် မေးမြန်းထားတာပါ၊

အခုဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းအဖွဲ့သစ်က အစိုးရအဖွဲအောက်မှာ လက်ရှိ ငြိမ်းချမ်းရေး ကိစ္စမှာ ဆောင်ရွက် နေကြတဲ့ ပြည်ထောင်စုဝန်ကြီးတွေ နဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေ၊ ရှေ့နေချုပ်တွေ လည်း ပါသလို စစ်တပ်အောက်မှာတော့ တိုင်းစစ်ဌာနချုပ်က တပ်မမှူး တိုင်းမှူးတွေ ပါဝင်ပြီး ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌ နဲ့အတူ ပြည်သူလွှတ်တော်ထဲက တိုင်းရင်းသားရေးရာ အဖွဲ့တွေနဲ့ ပြန်လည် ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG