သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ဂျက်လေယာဉ် စမ်းသပ်ပျံသန်းစဉ် ပျောက်ဆုံး


လူ ၄၆ ယောက် တင်ဆောင်လာတဲ့ ရုရှားဂျက်လေယာဉ်တစီးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာ အနီးမှာ ပျောက်ဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့၊ နေ့လည်ပိုင်းမှာ အစမ်းပျံသန်းပြနေတဲ့ Sukhoi Superjet ၁၀၀ အမျိုးအစား ဂျက်လေယာဉ်ဟာ ဂျကာတာမြို့ရဲ့တောင်ဘက်မှာ ပျံသန်းနေရာကနေ ဒေသ စံတော်ချိန် နေ့လည်နှစ်နာရီလောက်မှာ ရေဒါ အတွင်းက ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ လေယာဉ်ကို လိုက်လံရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။

ခရီးသည် ၁၀၀ ကိုတင်ဆောင်နိုင်ပြီးတော့ အလယ်အလတ်အကွာအဝေး မောင်းနှင်နိုင်တဲ့ လေယာဉ်ဟာ အစမ်းပျံသန်းပြနေတဲ့ ဒုတိယလေယာဉ်ဖြစ်ပြီးတော့ မြို့ရဲ့တောင်ဘက်က တောင်တန်းတွေထူထပ် တဲ့ နေရာမှာ ပျောက်ဆုံးသွားတာဖြစ်ကြောင်း အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ ပြင်သစ်သတင်းဌာနက ဖော်ပြထားပါတယ်။

ပျောက်ဆုံးသွားတဲ့လေယာဉ်ပေါ်မှာ လိုက်ပါသူတွေဟာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ အမြင့်ပေ ၁၀,၀၀၀ နီးပါးကနေ ၆ ထောင်နီးပါးကို ပြုတ်ကျသွားခဲ့တယ်ဆိုတဲ့ အကြောင်း အဆက်အသွယ်ရစဉ်က သိရှိခဲ့ရတယ်လို့ တခြားတာဝန်ရှိသူတဦးက ပြောပြပါတယ်။ အဲဒီလေယာဉ်ကို အာရှတောင်ပိုင်းနဲ့ အလယ်ပိုင်း ကာဇီကစ္စတန်၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတွေမှာ စမ်းသပ်ပြသမှုတွေ မကြာခင်တုန်းက ပြုလုပ်ခဲ့တဲ့အကြောင်း ရုရှားရဲ့ Itar-Tass သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။

XS
SM
MD
LG