သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ အမေရိကန်အနီးကပ်စောင့်ကြည့်


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေ့ရှုပြီး ခြေလှမ်းတွေလှမ်းနေတာနဲ့အမျှ အမေရိကန် ပြည်ထောင်စုက လိုက်လျောညီထွေ တုံ့ပြန်နေပေမဲ့ အပြောင်းအလဲတွေဟာ အချိန်မရွေး နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အလားအလာ ရှိနိုင်တာကြောင့် စိစစ်ချိန်ကိုက်ပြီး ပုံမှန်ပြန်လည် ဆက်ဆံနေတာဖြစ်တယ်လို့ အမေရိကန်အကြီးတန်း သံတမန်တဦးက မေလ ၁၁ ရက်၊ သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအထူးကိုယ်စားလှယ် Patrick Murphy ကအမေရိကန်က ပြုပြင် ပြောင်းလဲရေးလိုလားတဲ့ မြန်မာအစိုးရနဲ့ ထဲထဲဝင်ဝင် ဆက်ဆံပြီး ပိတ်ဆို့ အရေးယူ ဒဏ်ခတ် မှုတွေ ပိုမို လျှော့ပေးရေး အပါအဝင် လာမယ့် သတင်းပတ်တွေအတွင်း အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရမယ့် အမေရိကန် သံအမတ်ကြီးတဦးကိုလည်း တာဝန်ပေးအပ်တော့မှာ ဖြစ်တယ် လို့ ပြောဆိုလိုက်တာ ပါ။

အပြောင်းအလဲတွေ အကောင်အထည်ဖော်နေတာကို အမေရိကန်က ကြိုဆိုကြောင်းနဲ့ အနီးကပ်စောင့် ကြည့်နေတဲ့အကြောင်း ဝါရှင်တန်အခြေစိုက် Carnegie Endowment for International Peace မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ဒုတိယ အထူးကိုယ်စားလှယ် ပက်ထရစ်၊ မာဖီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အပြောင်းအလဲတွေဟာ အာမခံလို့မရသေးကြောင်း၊ ပျက်လွယ်တဲ့အနေအထားနဲ့ ပြည်စုံမှု မရှိသေး ဘူးလို့ Patrick Murphy ကမှတ်ချက်ချပါတယ်။ ဆင်းရဲမွဲတေမှု၊ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲဖြစ်ပြီး ကချင်ပြည်နယ်က မပြီးဆုံးသေးတဲ့ စစ်ပွဲတွေကြောင့် နိုင်ငံတည်ငြိမ်မှု မရှိသေးဘူးလို့ ဆိုပါတယ်။

တူညီတဲ့ခြေလှမ်းတွေနဲ့ တုံ့ပြန်မယ့် အမေရိကန်ရဲ့ မူဝါဒအရ ပြုပြင်ပြောင်းလဲရေးတွေကို အသိအမှတ် ပြုပြီး ပိတ်ဆို့မှုတွေကိုလျှော့ပေးနေကြောင်း၊ ဒါပေမဲ့ အမေရိကန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ၁၉၉၀ ကနေ ၂၀၀၈ ခုနှစ်အတွင်းပြဌာန်းထားတဲ့ ပြည်ထောင်စုဥပဒေ ငါးခုနဲ့ သမ္မတ အမိန့်ပြန်တမ်းလေးခု စတဲ့ ပိတ်ဆို့မှုတွေ ကို ပြန်လည် သုံးသပ်ရာမှာ အမေရိကန် ကွန်ဂရက် လွှတ်တော်နဲ့ မဖြစ်မနေ ပါဝင်ရ မယ့် သက်ဆိုင်သူတွေ တင်မကဘဲ ရှေ့နေ အယောက် ၂၀ လိုအပ်ပြီး သူတို့ တနေကုန်အလုပ် လုပ်ကြရပါလိမ့်မယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်ဒုတိယ အထူးကိုယ်စားလှယ် Patrick Murphy က ပြောဆို လိုက်ပါတယ်။

XS
SM
MD
LG