သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်နေထိုင်သူ တရုတ်အစိုးရ စတင်နှိမ်နင်း


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တရားမဝင် နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို နှိမ်နင်းဖို့ ရက်ပေါင်း ၁၀၀ စီမံချက်ကို တရုတ် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေ အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ကြီးထွားလာနေတဲ့ စီးပွားရေးအတွက် ပြဿနာတရပ် အဖြစ် ကြုံနေရတာကို ဖြေရှင်းတဲ့ အနေနဲ့ အလုပ် လုပ်ခွင့် မရှိသူတွေ၊ ဗီဇာသက်တမ်း ရက်လွန် နေထိုင်သူတွေကို ပစ်မှတ်ထား နှိမ်နင်း သွားမှာ ဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဘေဂျင်းမြို့တော်က ဘားဆိုင်တွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ တက္ကသိုလ်တွေလို နိုင်ငံခြားသားတွေ မကြာခဏ သွားလာတတ် တဲ့ နေရာတွေကို ရှောင်တခင် စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

မြို့ခံတွေ အနေနဲ့လည်း မမှန်မကန် ပြုမူနေတယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသားတွေကို တွေ့ရှိရင် ရဲတပ်ဖွဲ့ရဲ့ အရေးပေါ် ဆက်သွယ်ရမယ့် နံပတ်တွေကို ဆက်သွယ် အကြောင်းကြားကြဖို့လည်း တိုက်တွန်းထား တာပါ။ နိုင်ငံခြားသားတွေ အနေနဲ့ နိုင်ငံကူး ပတ်စ်ပို့တွေနဲ့ တရုတ်အစိုးရရဲ့ သတ်မှတ်ချက်အရ လိုအပ်တဲ့ တခြားအရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ကိုယ်နဲ့တကွ ကိုင်ဆောင်ထားကြဖို့လည်း သတိပေးထား ပါတယ်။

ဒါဟာဆိုရင် တရုတ်အစိုးရက ဘေဂျင်းမြို့တော်မှာ တရားမဝင် နေထိုင်သူတွေကို ပထမဆုံး အကြိမ် နှိမ်နင်း လာတဲ့ လုပ်ရပ်တခုပါ။ တရုတ်နိုင်ငံတွင်းကို ဆင်းရဲတဲ့ နိုင်ငံတွေက ဝင်ရောက်လာကြ သူတွေ တနေ့ တခြား တိုးပွားလာနေတာမို့ နောက်ထပ် တခြား တရုတ်နိုင်ငံက မြို့ကြီးတွေမှာလည်း အလားတူ နှိမ်နင်းမှုတွေ လုပ်ဆောင် လာလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ တရုတ်နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးလာနေတာနဲ့အမျှ ပြည်ပက နိုင်ငံခြားသားတွေဟာ မကြာသေးခင် နှစ်တွေကစလို့ တရားဝင်ရော တရားမဝင်ပါ တရုတ်နိုင်ငံကို ပိုမိုဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်လာနေကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG