သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝဏ္ဏမောင်လွင် ဝန်ကြီးကလင်တန်နှင့် ဝါရှင်တန်မှာ မေ ၁၇ ရက်၊ တွေ့ဆုံမည်


မြန်မာနိုင်ငံခြားရေးဝန်ကြီးဦး ဝဏ္ဏမောင်လွင်ဟာ ဝါရှင်တန်ဒီစီကို လာရောက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နဲ့ မေလ ၁၇ ရက်၊ ကြာသာပတေးနေ့ မနက်ပိုင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြာရေးဌာနက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။

မေလ ၂၀ ရက်နေ့ မှာ ကုန်ဆုံးမယ့် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုအသစ် ဟန့်တားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို နောက်တနှစ်သက်တမ်းတိုးဖို့ အချိန် နီးကပ်လာတာနဲ့ အတူ မြန်မာ နိုင်ငံခြားရေးဝန်ကြီး အခုလို ဝါရှင်တန်ကို လာရောက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မနှစ်က နှစ်ကြိမ်သွားရောက်ခဲ့တဲ့ ဝါရင့် အထက်လွှတ်တော် အမတ်ဂျွန်မက်ကိန်းကတော့ တနင်္လာနေ့က မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ယာယီရုပ်သိမ်းပေးဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကိုတက်ရောက်စဉ် ဝါရှင်တန်ဒီစီရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ သူရဲ့ ဒုတိယ ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကြောင့် အမေရိကန်နဲ့ မြန်မာနိုင်ငံကြား တိုးတက်တဲ့ ဆက်ဆံရေး အဖြစ် ၂ နိုင်ငံကြား သံအမတ်ကြီးအဆင့် ခန့်ထားရေးကိစ္စလည်း မကြာမီ အတည်ပြုဖွယ်ရှိနေပါတယ်။

ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မေလ ၁၃ ရက်နေ့က စင်ကာပူကို ရောက်ရှိခဲ့ပြီး ၂၀၁၄ ခု၊ မြန်မာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးအတွက် ပြင်ဆင်မှုများမှာ စင်ကာပူရဲ့ အကူအညီကို ရယူဖို့အပြင် နှစ်နိုင်ငံကြား နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေ အကြောင်း နိုင်ငံခြားရေး ဝန်ကြီး K Shanmungam နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ ဝန်ကြီးချုပ် Lee Hsein Loong နဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဦးဝဏ္ဏမောင်လွင်ဟာ မေလ ၁၅ ရက်နေ့မှာ စင်ကာပူကနေ ပြန်လည် ထွက်ခွာခဲ့ပါတယ်။

XS
SM
MD
LG