သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နဲ့ မပတ်သက်ရင် မြန်မာကို တောင်ကိုရီးယား အပြည့်အ၀ ကူညီမည်


မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်ကို တောင် ကိုရီးယား သမ္မတ အီလ် မြောင်ဘာ့က်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာသမ္မတကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီ ကိစ္စအတွက် မြန်မာအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါမယ် လို့လည်း အခိုင်အမာပြောခဲ့သလို မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ခံ အားပေးသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွေ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ သမ္မတ အီလ်မြောင်ဘာ့က် က အဲဒီလိုပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတဟာ ဒီကနေ့ မနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်တွေ နဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ကိစ္စရပ် မျိုးစုံကို ပြောခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ်ရောက်အောင် လုပ်ဆောင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ကို ပထမဆုံး ချီးကျူး ပြောဆို ခဲ့တာနဲ့အမျှ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တောင် ကိုရီးယားနိုင်ငံ ရဲ့ အဓိက စိုးရိမ်ချက် ဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံ ရေးကို သမ္မတ အီလ်မြောင်ဘာ့က် က အထူး အလေးပေး ပြောဆိုခဲ့တာပါ။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ် ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တယ်လို့ ယူဆ ရနိုင် တဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ မြန်မာနိုင်ငံ အကြား ဘယ်လို ဆက်ဆံရေးမျိုးကို မဆို မြန်မာအစိုးရ အနေနဲ့ ရှောင်ရှား လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ကို ကျနော် ပြောခဲ့ပါတယ်။ ဒါဟာ ကျနော်နဲ့ သမ္မတဦးသိန်းစိန်တို့ ထိပ်သီးဆွေးနွေးပွဲ အတွင်း တရားဝင် မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပါ တယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အီလ်က စကားပြန် ကနေ တဆင့် ပြောသွားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ပိုပြီးတော့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားဖို့ တောင် ကိုရီးယားနိုင်ငံ က ပြင်ဆင်ထား ပါတယ်ဆိုတာကိုလည်း သူက သမ္မတ ဦးသိန်းစိန်ကို ပြောခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေထဲမှာ လက်နက်ငယ်တွေ က လွဲပြီးတော့ ဘယ်လို စစ်လက်နက်ပစ္စည်းမျိုးကိုမှ မြောက် ကိုရီးယား နိုင်ငံဆီကနေ မရယူဖို့ နိုင်ငံတွေ ကို ပိတ်ပင် တားမြစ်ထားပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအီလ်တို့ တွေ့ဆုံဆွေးနွေးကြတာမှာလည်း ကိစ္စရပ်မျိုးစုံ ပါဝင် ခဲ့ပြီး အဓိကအနေနဲ့ ပညာရေးရဲ့ အရေးကြီးပုံနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အီလ်က ပြော ပါတယ်။

“တောင်ကိုရီးယားဟာ ဒီမိုကရေစီ နိုင်ငံတခုအဖြစ်နဲ့ရော၊ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတခု အဖြစ် ကိုရော ရောက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ရဲ့ နောက် မျိုးဆက်သစ် ခေါင်းဆောင်တွေ အတွက် ပညာရေး အထောက်အပံ့ပေးတဲ့ နေရာမှာ ကျနော်တို့ဟာ သန္နိဋ္ဌာန်ခိုင်မာပြီး စိတ်အား ထက်သန် စွာ လုပ်ခဲ့ကြတယ်ဆိုတာကို ကျနော် ထောက်ပြ ပြောဆိုခဲ့ပါတယ်။”

လို့ မစ္စတာအီလ်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ဘယ်တော့မှ အနစ်နာခံ အလျှော့မပေးရဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ သဘောတူ ခဲ့ကြ တယ်လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေနဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ကြွယ်၀ ချမ်းသာမှုတို့ အားလုံးကို တခုမဟုတ်တခု လိုချင်တာမဟုတ်ဘဲ အားလုံးကို လိုချင်တာ ဖြစ်ပါတယ်လို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည် က -

“နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်ကြတာမှာ အုပ်ချုပ်သူတွေက လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘဲ သူတို့ ဖြစ်စေချင်တဲ့ပုံစံအတိုင်း တည်ဆောက်နိုင်စေမယ့် ပညာရေးမျိုးကို မြန်မာ ကလေးငယ်တွေ ရစေ ချင်ပါတယ်။”

လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မြန်မာလူထုအနေနဲ့ ငြိမ်းချမ်းမှု၊ ကြွယ်ဝချမ်းသာမှုတွေနဲ့အတူ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နေထိုင်သွား ချင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို လုံခြုံတယ် ဆိုရုံနဲ့ မလုံလောက်ဘဲ အစိုးရကရော ကိုယ်ကိုယ်တိုင်ကပါ အကာအကွယ် ပေးနိုင်မယ့် လူသားဂုဏ်သိက္ခာကို မိမိတို့ လိုအပ်ပါ တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မြန်မာလူထုအနေနဲ့ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုအခြေအနေကို ရောက်အောင် ခက်ခဲတဲ့ လမ်းကြောင်းကို ဆက်လျှောက်ရ ဦးမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေကိုလည်း မီးမောင်းထိုး ပြောဆိုခဲ့ပါ တယ်။

“ကျမတို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အပြောင်းအလဲဖြစ်နိုင်ခြေရှိတဲ့ အဆင့်တခုမှာ ကျမတို့ ရောက်နေပါ တယ်။ ဒါပေမဲ့လည်း ဒီအပြောင်းအလဲဟာ မလဲမပြိုဘဲ ဖြစ်လိမ့် မယ် ဆိုပြီး ကျမတို့ သေချာပေါက် ယူဆနိုင်မယ်လို့ ကျမတော့ မထင်ပါဘူး။ ရည်ရွယ်ချက် ရှိနေပါတယ်၊ တကမ္ဘာလုံးက စိတ်ကောင်း စေတနာကောင်းနဲ့ အားပေးနေ ကြပါတယ်၊ ဒါပေမဲ့ အဲဒီ စိတ်စေတနာကောင်းတွေ အလဟဿဖြစ်မသွားစေရေး သေချာအောင် ကျမတို့ လုပ်ရပါမယ်၊ ပြီးတော့ ကျမတို့လူထုအကျိုး အတွက် အဲဒီ စိတ်စေတနာကောင်းတွေကို အကောင်းဆုံးအသုံးပြုနိုင်အောင် လုပ်ကြရပါမယ်။”

လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဂုဏ်သိက္ခာရှိပြီး ကောင်းမြတ်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာ မိမိ ကိုယ်တိုင်အနေနဲ့ရော၊ ကိုရီးယားလူထုနဲ့ အစိုးရကပါ ဆက်လက်ပြီး ထောက်ခံသွား ပါမယ် လို့လည်း မစ္စတာအီလ်ကပြောပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတော် တရားဝင်ခရီးစဉ်အဖြစ် မနေ့ကရောက်လာတဲ့ တောင် ကိုရီးယား သမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကပဲ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော် တရားဝင်ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG