သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်အလုပ်သမားဆန္ဒပြပွဲ အရှိန်မြင့်


ရန်ကုန်မြို့၊ လှိုင်သာယာနဲ့ရွှေပြည်သာ စက်မှုဇုံတွေမှာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေဟာ ဒီကနေ့ ပို ကျယ်ပြန့် လာပြီး တချို့စက်ရုံတွေမှာဆိုရင် အလုပ်သမားတွေက မကျေနပ်လို့ ပစ္စည်းတွေကို ရိုက်ချိုးတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒီသီတင်းပတ်ကတည်းက စတင်ခဲ့တဲ့ အလုပ်သမား တွေရဲ့ ဆန္ဒပြမှု တွေကို အာဏာပိုင်တွေက ဝင်ရောက်ဖြေရှင်း ညှိနှိုင်းပေးမှုတွေ ရှိခဲ့ပေမယ့်လည်း ပြေလည်မှု မရှိသေးတဲ့ အခြေအနေကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

အခြေခံလစာ နည်းပါးမှုတွေကြောင့် ရန်ကုန်မြို့၊ စက်မူဇုံက အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေက ဆက်ဖြစ်နေပြီး အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်ရေးမှူးတွေလာရောက်ပြီး သဘောတူညီချက် ရခဲ့ပြီးဖြစ်တဲ့ ဟိုက်မို ဆံပင်တုစက်ရုံက အလုပ်သမားတွေကတော့ မနေ့ကစပြီး ဆန္ဒပြမှုတွေ ပြန်ဖြစ်နေတာကြောင့် အခုဆိုရင် ဆန္ဒပြတဲ့စက်ရုံ ၆ ရုံရှိသွားပြီ ဖြစ်ပါတယ်။

အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင်ပြောပြတာက-

“ရောက်တဲ့အခါကျတော့ - စနေ၊ တနင်္ဂနွေကို သူက ပိတ်ပြီးတော့ တနင်္လာနေ့ကို တက်ရမယ်ပေါ့- တနင်္လာနေ့မှ မတက်ဘူးဆိုရင်တော့ သူတို့ကနေပြီးတော့ အလုပ်ကနေပြီး ထုတ်ပယ်တယ် ဆိုတဲ့ နှုတ်ထွက်တယ်ဆိုတဲ့ သဘောမျိုးကို သတ်မှတ်မယ်ဆိုပြီး ကြေညာချက် ထပ် ထွက်ထားတယ်။ အလုပ်သမားတွေက လုံးဝမကျေနပ်ဘူး။ အခုအချိန်ထိ စက်ရုံရှေ့မှာ အားလုံးရှိတုန်း၊ ဝိုင်ဂျေ စက်ရုံမှာလည်း အခု အချိန်အထိ ညှိနှိုင်းမှု အဆင်မပြေသေးဘူး။ မနေ့က ညမှာကျတော့ ပထမဦးဆုံး ဟိုင်-မို ဆံပင်တု စက်ရုံက အလုပ်သမားတွေက အလုပ် သမားအရာရှိတွေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ သဘောတူ လက်မှတ် ရေးထိုးပြီးသားဥစ္စာကို မနေ့က ညနေက ကိုရီးယားသူဌေးကနေပြီးတော့ အဲဒါတွေ အားလုံးကို သူ သဘောမတူဘူးလို့ ပြောတဲ့အချိန်မှာ အလုပ်သမားတွေက စက်ရုံထဲမှာ ရုတ်ရုတ် သဲသဲဖြစ်တယ်။ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးတဲ့အချိန်မှာ သူတို့က အပြင်ထွက်ဖို့ ကြိုးစားတဲ့အချိန်မှာ တခါးပိတ်ပြီးတော့ လုပ်ချင်တာလုပ် ဆိုပြီး တော့ စက်ရုံထဲမှာ မီးချောင်းတွေပိတ်ပြီးတော့ အကုန်လုံးကို ရိုက်ခွဲပစ်လိုက်တဲ့ အခြေအနေအထိ ရောက်သွားတယ်။ တော်တော်ကို တင်းတင်းမာမာ ဖြစ်သွားတယ်။ ဟိုင်မိုစက်ရုံမှာ- ဥပဒေ စစ်ဆေးရေး ညွှန်ချုပ် ဦးဝင်းရှိန်တို့လည်း လာပြီးတော့ ဖြေရှင်းတယ်။ ဒါပေမယ့် အဆင်မပြေဘူး။”

မနေ့ကတော့ အလုပ်သမားညွန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူ ဦးဝင်းရှှိန်၊ စံပယ်ပွင့်စက်ရုံကို လာရောက် ခဲ့ပေမဲ့ အလုပ်သမားတွေဘက်က ရပ်တည်တဲ့ သဘော မတွေ့ရဘူးလို့ စံပယ်ပွင့် စက်ရုံက အလုပ်သမလေး တဦးက ပြောပြပါတယ်။

“၃ ရက်ပြည့်လို့မှ အလုပ်မဆင်းလို့ရှိရင် မိမိသဘောဆန္ဒ အလျှောက် အလုပ်ထွက်သွားတယ်လို့ သူတို့က ယူဆပါမယ် တဲ့။ သူတို့ ဘက်က လည်း လုံးဝမလျှော့ပါဘူး။ အထက်က လူကြီးတွေလည်း လာပါတယ်။ ဒါပေမယ့် သူတို့က ညှိပေးမယ် ဆိုပေမယ့် နှစ်ဘက်မျှအောင် ညှိတာ မဟုတ်ဘူး။ သူဌေးကတော့ ဒီလောက်ပဲပေးနိုင်မယ်၊ နင်တို့ ဒီလောက်ယူမှ ရမယ်လို့ အဲဒီ ဦးဝင်းရှိန်ကိုယ်တိုင် ပြောတာပါ။”

အလုပ်သမားခေါင်းဆောင်ကိုထွန်းထွန်းနိုင်ကတော့ - အလုပ်သမားတွေကို ၃ ရက်မှအလုပ်မဆင်းရင် မိမိသဘောနဲ့ ထွက်တဲ့ပုံစံမျိုး သတ် မှတ်မယ်ဆိုတာကို စက်ရုံ ၆ ရုံလုံးက အလုပ်ရှင်တွေက တပြေးညီ ပြောဆိုမှုတွေ လုပ်လာတာဟာ ထူးခြားမှု ရှိပြီး အလုပ်သမားတွေကို ဥပဒေအရ ဒီလို လုပ်ဆောင်လို့ မရတဲ့အကြောင်း ဆက်ပြောပြပါတယ်။

“နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ပြန်ထားပါတယ်။ အလုပ်သမားရေးရာ ဖြေရှင်းရေး ဥပဒေရဲ့ (ဇ) မှာ အလုပ်ပိတ်ခြင်းဆိုသည်မှာ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုဖြစ်၍ ညှိနှိုင်းမှုမရသည့် အခြေအနေ၌ အလုပ်ရှင်က အလုပ်လုပ်နေသော နေရာကို ယာယီပိတ်ခြင်း၊ အလုပ်ကို ခေတ္တ ရပ်ဆိုင်းထားခြင်း၊ သို့မဟုတ် အလုပ်ချိန် အပြည့် အလုပ်သမားများအား ဆက်လက်အလုပ်လုပ်ခွင့် မပြုခြင်းကို ဆိုလိုတယ်လို့ ပါတဲ့ အခါကျတော့ သူတို့က အလုပ်ကို ယာယီရပ်ဆိုင်းလို့ပဲ ရတယ်။ ယာယီပိတ်ထားလို့ပဲ ရမယ်။ အဲဒါကို သူတို့က အလုပ်ကနေပြီးတော့ မိမိဆန္ဒ အလျှောက် နှုတ်ထွက်တယ်လို့ ပြောလို့ မရဘူး။ ဒါက သူတို့ ဥပဒေချိုးဖောက်နေတာ။”

မြန်မာနိုင်ငံမှာ အလုပ်သမားဆန္ဒပြမူတွေဟာ ဆက်တိုက် ဆိုသလို ဖြစ်လာခဲ့ပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေ အနေနဲ့ ပြေလည်မူရဖို့ကတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

အစိုးရတာဝန်ရှိသူတွေ လာတဲ့အခါမှာလည်း အလုပ်သမားတွေ ကို ညှိနှိုင်းတာထက် အလုပ်ရှင်နဲ့ တွေ့တာ၊ အလုပ်ရှင်ရဲ့ လက်ထောက် တာဝန်ရှိသူတွေကိုပဲ မေးမြန်းတာမျိုးတွေကို လုပ်ပြီး အလုပ်သမားတွေအနေနဲ့ သူတို့ပေးတဲ့အတိုင်း လိုက်လျောနိုင်ဖို့ကိုသာ ဖျန်ဖြေ ဆွေးနွေးခဲ့တာ မျိုးတွေကြောင့် ပြဿနာတွေ ဟာ ပြေလည်မှု မရသေးဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG