သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမား ဆန္ဒပြပွဲတွေ ဆက်ဖြစ်


ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုံက ဆန္ဒပြအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေက မလိုက်လျောသေးတဲ့ အပြင် မေလ ၂၁ ရက်၊ တနင်္လာနေ့မှာ စက်ရုံလုံခြုံရေးတွေနဲ့ အလုပ်သမားတွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တချို့တောင်မှ ရှိခဲ့ပါတယ်။ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ စက်ရုံပိုင်ရှင်တွေဘက်က အပြင်းအထန် ကြိုးစားနေသလို အငြင်းပွားမှုတွေကို နှစ်ဘက်လုံးက ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဥပဒေအရဖြေရှင်းဖို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေကလည်း တိုက် တွန်း ပြောဆိုခဲ့ပါတယ်။ အလုပ်သမားတွေ ဆန္ဒပြနေတဲ့ နောက်ဆုံးအခြေအနေတွေကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

လှိုင်သာယာစက်မှုဇုံ ၄ မှာရှိတဲ့ စက်ရုံ ၅ ရုံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေတဲ့ အခြေအနေဟာ ဒီကနေ့အချိန်ထိ ပြေလည်မှုမရသေးဘဲဖြစ်နေတာပါ။ ဒါ့အပြင် စက်မှုဇုံ၊ မြဝတီမင်းကြီးဦးစလမ်းမှာရှိတဲ့ အာရှ-ပစိဖိတ် ဘူးချိုးစက်ရုံက အလုပ်သမား ၆၀ လောက် ဟာလည်း ဒီကနေ့မှာပဲ ထပ်ပြီး ဆန္ဒပြတောင်းဆိုကြပါသေးတယ်။ အရင် ဆန္ဒပြနေသူတွေလည်း မပြေလည်သေး၊ နောက်ထပ် ဆန္ဒပြတာတွေလည်း ထပ်ဖြစ်လာနေတဲ့အချိန်မှာ အလုပ်ရှင်တွေဘက်က အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အတင်းအဓမ္မကြိုးစားတဲ့ဖြစ်ရပ်တချို့လည်း ရှိလာနေပါတယ်။ အဲဒါကြောင့်လည်း အလုပ် သမားတွေနဲ့ စက်ရုံလုံခြုံရေးတွေ၊ တာဝန်ရှိသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်တာတွေတောင်မှ ရှိလာနေပါပြီ။

"--စက်ရုံကားက လူအုပ်ကြီးရှေ့ကို မောင်းလာပြီးတော့ ဆွဲတင်တာတွေ လုပ်ပါတယ်။ အဲဒီအချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ရင်းနဲ့ သူတို့ ရိုက်တာ၊ နှက်တာတွေလုပ်တယ်။ အလုပ်သမားတွေမှာ ဒဏ်ရာတွေ လည်း ရပါတယ်။ အဲဒီတော့ အလုပ်သမားတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်- သူတို့ ဘယ်လိုပဲ ဒဏ်ရာရရ၊ သူတို့အကြမ်းမဖက်ဘူး၊ ငြိမ်းချမ်းစွာပဲ ဆက်လက်တောင်းဆိုမယ်၊ သူတို့က သဘောထားကြီးတယ်လို့ သူတို့ကိုယ်တိုင် ပြောပြပါတယ်။"

အဲဒါကတော့ ပုလဲအထည်ချုပ်စက်ရုံမှာ ဖြစ်ပျက်ခဲ့တာကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး အလုပ်သမားတွေပြော တာကိုလည်း ကိုယ်တိုင် ကြားခဲ့ရတဲ့ ဦးဌေးပါ။ သူဟာ အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုတွေမှာ အလုပ်သမားတွေဘက်ကနေ ဥပဒေကြောင်းအရ အကြံပေး လုပ်ဆောင်ပေးနေသူလည်း ဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေရဲ့ အဓိကလိုလားချက်ကတော့ အခြေခံလစာကို တိုးပေးဖို့ပါပဲ။ စက်ရုံတွေက လက်ရှိပေးနေတဲ့ အခြေခံ လစာတွေဟာ သိပ်ကိုနည်းလွန်းပြီး မလုံလောက်ဘူးဆိုပြီးတော့ တောင်း ဆိုနေကြတာလည်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေရာကနေ အကြမ်းဖက်မှုလို မျိုးတွေ ဖြစ်လာရင် အခြေအနေ ပိုပြီး ဆိုးရွားသွားမှာကို စိုးရိမ်တဲ့အတွက်ဆိုပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ခေါင်းဆောင်တချို့ဟာလည်း ဒီကနေ့မှာပဲ ဆန္ဒပြအလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ကြပါတယ်။

"အားလုံး ငြိမ်းချမ်းစွာနဲ့ ပြဿနာကို ဖြေရှင်းကြပါ။ အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။"

စပယ်ပွင့်စက်ရုံက ဆန္ဒပြအလုပ်သမားတွေကို ကိုမင်းကိုနိုင်က အားပေးစကား ပြောခဲ့တာပါ။

၈၈ ကျောင်းသားများအဖွဲ့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဗဟို စည်းရုံးရေး ကော်မတီ၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးနဲ့ တခြားအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ဟာလည်း အလုပ်သမားတွေကို ရေနဲ့အစားအစာတွေအပါအဝင် အကူအညီပေးနေကြပါတယ်။ အဲဒီလို အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက အကူအညီပေးနေတာကို အလုပ်ရှင်တွေဘက်ကလည်း သတိပြုမိပုံရပြီး အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်အောင် နည်းမျိုးစုံနဲ့ကြိုးစားနေတာမှာ စက်ရုံထဲကနေ အသံချဲ့စက်နဲ့ တိုက်တွန်းပြောဆိုတာမျိုးကိုလည်း လုပ်လာပါတယ်။ အလုပ်သမားတွေအနေနဲ့ မှန်မှန်ကန်ကန် လမ်းမှန် ကို ရွေးချယ်ဖို့ လိုအပ်တယ်လို့ စပယ်ပွင့်စက်ရုံ တာဝန်ရှိသူတဦးက အသံချဲ့စက်ကနေတဆင့်ပြောပါတယ်။

"အခုချိန်ဟာဆိုရင် အခြားလူတစ်ဦးဦးကတားမြစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အန္တရာယ်ပြုခြင်းကို နှုတ်ဖြင့်ဖြစ်စေ၊ အမူအယာဖြင့်ဖြစ်စေ၊ ပြုမူပြောဆိုခဲ့ပါက မကြောက်ကြပါနဲ့။ အမတို့နိုင်ငံဟာ အစိုးရချမှတ်ထားတဲ့ တရားဥပဒေဆိုတာ ရှိပါတယ်။ ရဲရဲဝံ့ဝံ့သာ ကိုယ့်လမ်းကိုယ် ရွေးချယ်ကြပါ။ နောက်ဆုံးပြောချင်တာကတော့ အမရဲ့စိတ်ထဲမှာ အပြစ်မမြင်ဘဲ မိဘနဲ့သားသမီးလိုပဲ သဘောထားပါတယ်။ သမီးတို့ စက်ရုံထဲကို ပြန်ဝင်လာဖို့ အမတို့အားလုံးက ကြိုဆိုပါတယ် သမီးတို့ရယ်။"

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေဖြစ်လာရင် ညှိနှိုင်းဖြေရှင်းရေးကော်မတီဆိုတာကို ဖွဲ့ပြီး ဖြေရှင်း ရမယ်ဆိုတာ မကြာခင်ကပဲ လွှတ်တော်ကအတည်ပြုထားတဲ့ဥပဒေထဲမှာ ပြဌာန်းထားတာကြောင့် အခုဖြစ်နေတဲ့ အငြင်းပွားမှုတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ပြီး ဖြေရှင်ပေးရမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။

"ပြဿနာဖြစ်ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အလုပ်သမားတွေက မသိဘူးဖြစ်နေတယ်။ အဲဒီတော့ ဒီ ဥပဒေစာအုပ်ကို ကျနော်တို့လက်ထဲမှာ ကိုင်ထားတယ်။ ပြီးတော့ အလုပ်သမားတွေကို ကျနော်တို့ရှင်းပြတယ်။ ကျနော်တို့က ဒါကို တိုက်တွန်းမယ်၊ အကြံပေးမယ်၊ ညှိနှိုင်းရေးကော်မတီ ဆိုတာလေး ဖွဲ့ပြီးတော့ သပ်သပ်ယပ်ယပ်လေးဖြစ်အောင် ရှင်းပါ။ ဒါတွေက ဆက်တိုက် ဆက်တိုက်တွေ ဖြစ်လာပြီဆိုလို့ရှိရင် ဒီကနေပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို ကျနော်တို့ အတော် စိတ်ပူတယ်။ စိတ်ပူတဲ့အတွက် ကျနော်တို့က ဝင်ပြီးတော့ ထိန်းညှိပေးတဲ့သဘောပဲ"

အခုဖြစ်နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေနဲ့သက်ဆိုင်တဲ့ မရမ်းကုန်းမြို့နယ်၊ အလုပ်သမားရေးရာရုံးကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာမှာ သူတို့က မြို့နယ်ရုံးဖြစ်ပြီး တိုင်းရုံးကို ဆက်သွယ်ဖို့ပဲ ပြောဆိုခဲ့ ပါတယ်။ ရန်ကုန်တိုင်း၊ အလုပ်သမားရေးရာရုံးကို တော့ ဗွီအိုအေက ဆက်သွယ်လို့မရခဲ့ပါဘူး။

ဆန္ဒပြ အလုပ်သမားတွေကတော့ သူတို့တောင်းဆိုထားတဲ့ အခြေခံလစာ ကျပ် ၃၀,၀၀၀ ရတဲ့ထိ ဆက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောကြပါတယ်ခင်ဗျား။

XS
SM
MD
LG