သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ILO ညီလာခံမှာ စကားပြောမည်

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ပြင်ပမှာ ဟောကြားမယ့် မိန့်ခွန်းကို ဂျနီဗာက ILO ညီလာခံမှာ ဇွန်လ ၁၄ ရက်နေ့ ပြောကြားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ILO ရုံး အကြီးအကဲ Juan Somavia က ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ပြင်ပမှာ ဟောကြားမယ့် မိန့်ခွန်းကို ဂျနီဗာက ILO ညီလာခံမှာ ဇွန်လ ၁၄ ရက်နေ့ကျရင် ပြောကြားမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ထုတ်ဖေါ်ပြောဆို လိုက်တာပါ။

နော်ဝေက ငြိမ်းချမ်းရေး နိုဘဲလ် ဆု ကော်မတီကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ၁၉၉၀ တုန်းက ရရှိထားတဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆု ကို လက်ခံယူဖို့ နော် ဇွန်လ ၁၆ရက်နေ့မှာ လာရောက် မှာဖြစ်ကြောင်း တနင်္လာနေ့က ကြေညာ ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က သူမကိုယ်စား သားကြီးဖြစ်သူ Alexander Aris က သွားရောက်ယူခဲ့တာဖြစ်ပြီး အခု ဒေါ်အောင်ဆန်းစုကြည်က ဆုလက်ခံ စကား ပြောကြားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြင်ပကို နှစ်ပေါင်း ၂၀ကျော်မှာ ပထမဆုံး သွားရောက်မယ့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဗြိတိန် အစိုးရ လွှတ်တော် ၂ရပ်စလုံးမှာလည်း မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ ဒီ လွှတ်တော် မှာ အခုလို မိန့်ခွန်းပြောခွင့်ပေးပြီး ဂုဏ် အပြုခံခဲ့ရ သူတွေ ထဲမှာ တောင်အာဖရိက သမ္မတဟောင်း Nelson Mandela ပါဝင်ပြီး မနှစ်ကတော့ အမေရိကန် သမ္မတ Barack Obama ပြောကြားဖို့ အဖိတ်ကြားခံခဲ့ရပါတယ်။ ဧပြီလထဲမှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ လန်ဒန်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပြီး ဇွန်လ ၁၈ရက်နေ့မျာ ဗြိတိန်နိုင်ငံကို သွားရောက်ဖို့ ရှိပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၆၀ခုနှစ်တွေတုန်းက သူပညာသင်ယူခဲ့တဲ့ Oxford တက္ကသိုလ်က ပေးအပ်မယ့် ဂုဏ်ထူးဆောင် ဘွဲ့ကိုလည်း လက်ခံယူဖို့ ရှိပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ရှိတဲ့ John Hopkins တက္ကသိုလ် ကနေ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက် ပါတယ်။ ဒီဆုကို ဘွဲ့ယူမယ့်သူတွေ အတွက် ဘွဲ့နှင်းသဘင် ကျင်းပမယ့် မေလ ၂၄ ရက်နေ့ မှာ ချီးမြှင့်ဖို့ စီစဉ်ထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တော့ လာရောက်ယူနိုင်မှာ မဟုတ်ပါဘူး။

This item is part of
XS
SM
MD
LG