သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကာလ NLD လုပ်ရပ် ပါတီတချို့ ဝေဖန်


ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်လွန်းပြီး မျှတမှုမရှိဘူးလို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ပြောကြားလိုက်ပါတယ်၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီ တချို့ NLD ပါတီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ တိုင်တန်းချက်တွေကို အခြေပြုပြီး ပြောသွား တာ ဖြစ်ပါတယ်၊ ဒီကိစ္စ နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ နဲ့ NLD ပါတီရဲ့ တုံ့ပြန်ချက်တွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊

ဒီကနေ့ မေလ ၂၂ ရက် အဂ်ါနေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲနဲ့ ဧပြီ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြ တာပါ၊၊ အဓိက ကတော့ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်နိုင်အောင် တွေ့ ဆုံ ဆွေးနွေး ကြတာ ဖြစ်ပါတယ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၁၇ ပါတီ ထဲက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ၂ပါတီက လွဲရင် ကျန်တဲ့ ၁၅ ပါတီ က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်၊

အဲဒီမှာ အခြေအနေအရပ်ရပ်ကို ပါတီအသီးသီးက ပြန်လည်သုံးသပ်တင်ပြတဲ့အထဲမှာ နိုင်ငံရေး ပါတီကြီးတွေရဲ့ ဥပဒေ ချိုးဖောက် မဲဆွယ်မှုတွေ၊ နိုင်ငံတဝှမ်း မဲပေးသူစာရင်း မှားယွင်းတဲ့ ကိစ္စတွေကို အတော်များများ ထောက်ပြ ပြောဆိုခဲ့ ကြပါတယ်၊ နိုင်ငံရေးပါတီတချို့ကတော့ ရွေးကောက်ပွဲကာလမှာ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ ချိုးဖောက်ပြီး မဲဆွယ် ခဲ့တယ်လိ့ု ထောက်ပြ ခဲ့ ကြ ကြောင်း တွေ့ဆုံဆွေးနွေးပွဲကို တက်ခဲ့တဲ့ အမျိူးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ဦးစိုးဝင်း က ပြောပါတယ်၊

“ ပါတီနာမည် တပ်ပြီးတော့ကို တင်ပြတာ ရှိပါတယ်။ ပါတီကြီးတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးကာလမှာ ဥပဒေထက် ကျော်ပြီး လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေကို တင်ပြထားတာ ရှိပါတယ်။ တချို့ ပါတီကြီးတွေက စည်းရုံးရေးလုပ်ပုံ မရဘဲ လမ်းပိတ်ဆို့စေတယ်၊ လူထုအနေနဲ့ သွားရေး လာရေး ခက်ခဲကုန်တာတွေ အဲဒါမျိုးတွေကအစ တင်ပြကြတာ ရှိပါတယ်။ နောက်တခုက မင်းမဲ့စရိုက်ဆန်ဆန် မဲဆွယ်စည်းရုံးတာနဲ့ မတူတဲ့ လုပ်ဆောင်ချက်တွေဆိုတာမျိုး တင်ပြတာလည်း ရှိပါတယ်။ NLD ပါတီကို နာမည်တပ်ပြီးတော့ကို ပြောကြတာမျိုး ရှိတော့ NLD ပါတီက ဦးဉာဏ်ဝင်းက ပြောပါတယ်။ တချို့ဟာတွေကိုတော့ ကျနော် လက်မခံနိုင်ပါဘူးလို့ ပြောတာ ရှိပါတယ်။”

ဒီ်လိုအခြေအနေတွေကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ ကြီးမှာ နိုင်ငံရေးပါတီတွေကြား တရားမျှတစွာ ယှဉ်ပြိုင်တာ မျိုးဖြစ်အောင် စီစဉ်ဖို့ ဆိုတာကို သူအနေနဲ့ အကြံပြုခဲ့တယ် လို့လည်း ဦးစိုးဝင်းကပြောပါတယ်၊ ဒီလို မဲဆွယ်မှုဆိုင်ရာ အခြေနေတွေအပြင် မဲစာရင်းမှားတဲ့ ကိစ္စတွေကိုလည်း ပါတီ အတော်များများ က ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လူပြောများခဲ့တဲ့ မဲစာရွက်မှာ ဖယောင်းသုတ်တယ်ဆိုတဲ့ ကိစ္စ ကတော့ စာရွက်မကောင်းလို့သာ ဖြစ်ခဲ့ပြီးတော့ နောင်မှာ စာရွက်ကောင်းကောင်းနဲ့ လုပ်ဖို့ဆိုတာတွေကို လည်း ဆွေးနွေး ခဲ့ကြတယ် လို့ ပြောပါတယ်။

တပါတီချင်းဆီအလိုက်တင်ပြမှုတွေအပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကတော့ ပြီးခဲ့တဲ့ ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်လွန်းပြီး မျှတမှု မရှိတဲ့ ရွေးကောက်ပွဲ လို့ မှတ်ချက်ပေးသွားတယ်လို့ လည်း NDF ပါတီက ဦးစိုးဝင်းက ပြောပြပါတယ်။

“ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးက ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ် လွန်းသော ရွေးကောက်ပွဲနဲ့ မျှတမှုမရှိသော ရွေးကောက်ပွဲပါတဲ့။ သူ့ဆီမှာ ဓာတ်ပုံတွေ ပို့ထားတာ ရှိပါ တယ်တဲ့။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာနဲ့ မတူဘဲနဲ့ သူတောင်မှ အံ့သြသွားးတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၈၈ အရေးအခင်းကာလကို ပြန်ရောက်နေသလား အောက်မေ့ရတယ်တဲ့။ တချို့ပါတီတွေက တင်ပြသလို မင်းမဲ့စရိုက်ဆန်ဆန်ဆိုတာမျိုးတွေ။ ဒါကို ညွှန်းတာ ဖြစ်မှာပေါ့။”

ဒါပေမဲ့ NLD ပါတီကတော့ ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို ချိူးဖောက် ကျူးလွန်ခဲ့ခြင်း မရှိအောင် အစွမ်းကုန်ကြိုူးစားခဲ့ပြီး NLD ပါတီအပေါ် လူထုက တခဲနက် ထောက်ခံ အားပေးမှုတွေကြောင့်သာ အများ ထောက်ပြစရာ အခြေအနေတွေလို့သာ ပြောနိုင်ကြောင်း မိတ္တီလာ မြို့ရဲ့ NLD ပါတီ လွှတ်တော်အမတ် ဦးဝင်းထိန်က ရှင်းပြပါတယ်၊

“ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး သိသိချည်းနဲ့ ချိုးဖောက်တာတော့ မရှိပါဘူး။ မသိလိုက်မသိဘာသာ ဥပဒေနဲ့ ငြိသွားတာတွေ ရှိသွားနိုင်တယ်၊ ဥပမာဆိုပါတော့၊ မဲဆွယ်တဲ့အခါမှာ ရွာတရွာကို ရောက်တယ်။ အဲဒီရွာမှာ ဘုန်းကြီးက သြဇာရှိတယ်၊ ဒေါ်စုပါတီလာရင် ငါ့ကျောင်းခေါ်ခဲ့ ဆိုတဲ့အခါကျတော့ ဘုန်းကြီး ကိုလည်း လျှောက်တယ်၊ အရှင်ဘုရား.. တပည့်တော်တို့ ဥပဒေအရ ဘုန်းကြီးကျောင်းမှာ မဲဆွယ်ခွင့် မရှိ ပါဘူးဘုရား၊ ကိစ္စမရှိဘူး၊ ငါ့ ဓမ္မာရုံမှာ ပြော ဆိုတဲ့ အခါ ကျတော့ ဘုန်းကြီးရဲ့ ဆန္ဒကို ရွာသားတွေက မလွန်ဆန်ချင်ဘူး။ ဒီဘက်ကလည်း မလွန်ဆန်နိုင်ဘူး။ အဲလိုနည်းနဲ့ ဖြစ်သွားတာတွေတော့ ရှိတာပေါ့။ အန်ကယ်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လာလို့ လူတွေ တိုးတယ် ကြိတ်တယ် ဆိုတာကတော့ အန်ကယ်တို့လည်း ဘာမှ မတတ်နိုင်ဘူး။”

NLD ပါတီ လွှတ်တော်အမတ် ဦးဝင်းထိန် ရှင်းပြခဲ့တာပါရှင်၊ အခုလက်ရှိမှာတော့ NLD က ဒေါ်ဖြူဖြူသင်း အပါအဝင် နောက်ထပ် ၃ ဦးကို ရွေးကောက်ပွဲကာလမှာ မဲမသမာမှုတွေ ရှိခဲ့တယ် ဆိုပြီး ပြည်ထောင်စု ကော်မရှင် ခုံရုံးမှာ ကြံ့ခိုင် ဖ့ွံဖြိုးရေးပါတီက တိုင်ကြားထားတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG