သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြစက်ရုံတချို့ ညှိနှိုင်းလို့ မရနိုင်သေး


အခြေခံလုပ်ခလစာတိုးမြှင့်ရေးအတွက် လှိုင်သာယာက စက်ရုံ ၁၀ ရုံ ဆန္ဒပြနေတဲ့အထဲ ၅ ရုံက သဘော တူညီချက် ရသွားလို့ ပြေလည်သွားပေမယ့် ကျန်တဲ့ စက်ရုံ၅ ရုံက ဒီကနေ့ထိ ပိုင်ရှင်တွေနဲ့ ညှိနှိုင်း မရ ဘဲ ဖြစ်နေပါသေးတယ်၊ ဒီအလုပ်သမားတွေရဲ့ အခက်အခဲတွေအတွက် ရန်ကုန်အခြေစိုက် ILO အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲချုပ်ရုံးကို တိုင်ကြားအကူအညီတောင်းပေမယ့် ILO က ဒီလှုပ်ရှားမှုတွေဟာ ဥပဒေနဲ့ ကိုက်ညီခြင်းမရှဘူး ဆိုပြီးတော့ ကူညီပေးမှု မရှိဘူးလို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ က ပြောပါတယ်။ ဒီတော့ မသင်းသီရိရေ လှိုင်သာယာက အလုပ်သမားဆန္ဒပြမှုတွေရဲ့ နောက်ဆုံး အခြေအနေတွေကို ဆက်ပြောပြပါအုံးရှင်၊

လှိုင်သာယာက အလုပ်သမားတွေ ဆန္ဒပြနေကြတာ အခုဆိုရင် သီတင်း ၂ပတ်ကျော်ရှိနေပြီ ဖြစ်ပေမဲ့ အခုချိန်ထိ စက်ရုံ အားလုံးတော့ ပြေလည်မှု မရသေးပါဘူး၊ အခြေခံလစာအဖြစ် တလကို ကျပ် ၃သောင်းထိ တိုးမြှင့်ပေးဖို့ အထည်ချုပ် စက်ရုံတွေ ဖိနပ်ချုပ်စက်ရုံတွေနဲ့ ဆံပင်တု စက်ရုံတွေ အားလုံး စက်ရုံ ၁၀ ရုံ ဆန္ဒပြနေကြတဲ့အထဲမှာ Lucky Shoes စက်ရုံရယ် Hi Art ဆံပင်တုစက်ရုံအပါအဝင် နောက်ထပ် အထည်ချုပ် စက်ရုံ ၃ခု ပေါင်း ၅ ခုဟာ ဒီနေ့ ထိ ညှိနှိုင်းလို့ မရ ဘဲ ဖြစ်နေပါတယ်။ ကျန်တဲ့ စက်ရုံ ၅ ရုံ ကတော့ သောကြာနေ့ စနေနေ့တွေမှာ ကြားသဘောတူညီချက်တွေနဲ့ သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ အလုပ်သမားတွေအတွက် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဌေးက ပြောပြပါ တယ်။

“နေမင်းအောင် အထည် ချုပ်စက်ရုံ ကျန်ပါတယ်။ နောက် လပ်ကီးရှုး စက်ရုံ သားရေဖိနပ်စက်ရုံ၊ နောက် တခုက တိုးမြတ်အောင် ဇာထိုးပန်းထိုး ကျန်ပါတယ်ခင်ဗျ။ နောက် ငွေကန့်ကော် အထည်ချုပ်စက်ရုံ လည်း ကျန်ရှိပါတယ်ခင်ဗျ။ ၉ရက်နေ့ကနေ ဒီနေ့ထိ ဆက်လုပ်နေတဲ့ ဟိုင်းအပ်တ် ဆံပင်တု စက်ရုံ အားလုံးပေါင်း ၅ရုံကျန်ရှိပါတယ်။ သဘောတူတဲ့ စက်ရုံရော၊ မတူတဲ့ စက်ရုံရော အခြေခံ လုပ်ခ လစာမှာ သဘောတူညီချက် မရကြပါဘူး။ သို့သော်လည်း ကျန်တဲ့ ဟာတွေ ရှားပါးစရိတ်၊ ဒီ ကျန်တဲ့ ထောက်ပံ့ကြေးတွေအပေါ် မူတည်ပြီးတော့ သူတို့ လိုက်လျောကြတာ ဖြစ်ပါတယ်။ ပိုင်ရှင်တွေဘက်ကနဲ့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တွေ ကတော့ တသောင်းခွဲပဲ။ တနေ့ ၅၀၀ ပဲ လိုက်လျော နိုင်တဲ့ အခြေနေ ရှိပါတယ်”

လက်ရှိမြန်မာနိုင်ငံတွင်း အလုပ်သမားတွေအတွက် အနိမ့်ဆုံးလစာ နဲ့ပတ်သက်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိ တာမို့ တရားဝင် ညှိနှိုင်း တောင်းဆိုကြတဲ့အခါ အလုပ်သမားတွေဘက်က အတော်လေးနစ်နာတာတွေ့ရတယ် လို့လည်း ဦးဌေးက ထောက်ပြပါတယ်၊

“အဲဒီမှာ ပါဝင်မှု ဖြစ်တာကတော့ အစိုးရ နိုင်ငံတော်ကနေပြီးတော့ ဥပဒေ ပြဋ္ဌာန်းချက် အနိမ့်ဆုံး လုပ်ခ ပြဋ္ဌာန်းချက် ဥပဒေ ရှိတာပေါ် မူတည်ပြီးတော့ ပိုင်ရှင်ဘက်ကရော၊ ဒီဘက် အလုပ်သမား ဝန်ကြီးဌာန အောက်မှာ ရှိတဲ့ ဝန်ထမ်းတွေကရော အဲဒီ ဥပဒေ မရှိတာကို အကြောင်းပြပြီးတော့ သူတို့က ပိုင်ရှင်နဲ့ တသားထဲ ရပ်ပြီးတော့ အလုပ်သမားတွေကတော့ သူတို့ရဲ့ ဘဝအရ တနေ့ကို ၅၀၀ သူတို့ပေးထား တဲ့ နှုန်းဟာ ထမင်းတနပ်ဖိုးတောင် မရှိတဲ့ အတွက်ကြောင့် သူတို့က ဆက်လက်တောင်းဆိုနေကြတာ ဖြစ်ပါ တယ်။ ဒီ အလုပ်သမားတွေဘက်က တောင့်မခံနိုင်ကြတဲ့ အတွက် သူတို့အနေနဲ့ ရတဲ့ဈေးနဲ့ ကျေနပ်ရတဲ့ အနေထားဖြစ်ပါတယ်။”

အခု အလုပ်သမားတွေ ကြုံနေရတဲ့ အခက်အခဲတွေအတွက် ရန်ကုန်အခြေစိုက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကြီးကို ကူညီ ပေးဖို့ တင်ပြတောင်းဆိုပေမဲ့ ဒီဆန္ဒပြမှုတွေဟာ ချမှတ်ထားတဲ့ ဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ILO ဘက်က ကူညီပေးမှု လုံး၀ မရဘူး လို့ လည်း ရှင်းပြပါတယ်၊

“မှန်ပါတယ် ခင်ဗျ။ ဘာမှမရှိပါဘူး။ သူတို့က အလုပ်သမားတွေ အတွက်တောင် ရပ်တည်မှု မရှိပါဘူး ခင်ဗျ။ ၉ရက်နေ့က ဟိုင်းအပ်တ် စက်ရုံက အလုပ်သမား ခေါင်းဆောင်ကိုယ်တိုင် ထရေးဒါးမှာ ILO အရာရှိတွေကို သူတို့ သွားတွေ့ပါတယ်ခင်ဗျ။ ဒါပေမဲ့ အားပေးထောက်ခံမှု မရရှိတဲ့ အပြင် ဥပဒေနဲ့မညီညွတ်ဘူးလို့ ဝေဖန် တာ ခံခဲ့ရပါတယ်ခင်ဗျ။ အလုပ်သမား ဥပဒေ ပေါ်ပေါက်လာပြီးတော့ အဲဒီ ဥပဒေအရ သပိတ်မှောက်ဖို့ ၃ရက် ကြို တင်ရမယ်။ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက် ပါရမှာမှန်ပေမဲ့ အဲဒီ အလုပ်သမား အဖွဲ့ချုပ်မရှိတဲ့ အတွက် အဲဒါကလည်း မဖြစ်နိုင်ပါဘူး။ ညှိနှိုင်းရေးကော်မတီ၊ ဖြန်ဖြေရေးကော်မတီ၊ နောက် ခုံသမာဓိအဖွဲ့တို့ ဆိုတာ မရှိတဲ့အတွက် ဖြေရှင်းလို့ မရပါဘူး”

အလုပ်သမာအရေး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေး ဦးဌေးက ပြောပြပါတယ်။ သီတင်း ၂ပတ်ကျော်ကြာရှိနေပြီ ဖြစ်တဲ့ အလုပ်သမားရေး တောင်းဆိုမှုတွေကို အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အစိုးရဌာနက အစိုးရဌာနက တာဝန်ရှိသူတချို့နဲ့ ကြံခိုင်ဖွံဖြိုးရေး ပါတီက ရန်ကုန်တိုင်း တာဝန်ခံ တချို့ လာရောက် ကြားဝင် ညှိနှိုင်းတာမျိူးတွေ ရပေမဲ့ အလုပ်သမားတွေဘက်က သူတို့အပေါ် ယုံကြည်မှု အားနည်း တာကြောင့် မအောင်မြင်တဲ့အပိုင်းတွေလည်း တွေရတယ်လို့ အလုပ်သမားအရေးကို လိုက်ပါကူညီပေးနေ သူတွေထဲက တဦးဖြစ်တဲ့ ၈၈ မျိူးဆက်ကျောင်းသူ မသက်သက်အောင်ကလည်း ရှင်းပြပါတယ်၊

“အလုပ်သမား ဝန်ကြီးဌာနတွေနဲ့ ဖြေရှင်းတဲ့အခါမှာ အလုပ်သမားတွေဘက်က သူတို့အပေါ်မှာ ယုံကြည်မှုက အားနည်းနေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဟိုင်မို ကိစ္စမှာလည်း ညွှန်ချုပ် ဦးဝင်းရှိန်ကိုယ်တိုင် လက်မှတ်ရေး ထိုးပြီးတော့၊ ချုပ်ဆိုရတဲ့ စာချုပ်တွေမှာလည်း နောက်တကြိမ်ကျတော့ ပြန်ပြီး တရားမဝင်တော့ပါဘူး လို့ ပြန်ဖြစ်တဲ့အတွက် အလုပ်သမားတွေက ဒီဌာနအပေါ်မှာ ယုံကြည်မှု အားနည်းသွားတယ်ပေါ့”

၈၈ မျိူးဆက်ကျောင်းသူ မသက်သက်အောင်ရဲ့ သုံးသပ်ချက်ပါရှင်၊ အခု အလုပ်သမားတွေ ဆန္ဒုပြနေတဲ့ စက်ရုံတွေကို တရုပ်နဲ့ ကိုရီးယား နိုင်ငံသားတွေ ပိုင်ကြတဲ့ စက်ရူံတွေ ဖြစ်ပါတယ်၊ စက်ရုံပိုင်ရှင်တွေဘက် ကတော့ အလုပ်သမားများအတွက် လက်ရှိ လစာနဲ့ အကျိုး ခံစားခွင့် များကို တိုးမပေးနိုင်ဘူးလို့ ပြောထား သလို အလုပ် ၃ ရက်ပျက်ကွက်ရင် အလုပ်က ထုတ်ပစ်မယ်ဆိုတာတွေ၊ ကျေနပ်မှုမရှိဘူးဆိုရင် ကိုယ့် သဘောနဲ့ ကိုယ် ဆန္ဒအလျောက် နှုတ်ထွက်နိုင်တယ်ဆိုပြီး ထုတ်ပြန်ထားတွေလည်း ရှိပါတယ်၊

အခု မြန်မာနိုင်ငံမှာ အစိုးရက စီးပွားရေးတိုးတက်လာဖို့ အတွက် ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ လုပ်ငန်းသစ်တွေ လုပ်နိုင်အောင် စီစဉ်နေတာတွေ၊ တခါ ပြောင်းလဲလာတဲ့ နိုင်ငံရေးတချို့ကြောင့် အရင်က စီးပွားရေး ပိတ်ဆို့ ထားတဲ့ နိုင်ငံကြီးတွေက လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ဖို့ မျက်စိကျနေချိန်မှာ အခုလို အလုပ်သမား ပြဿနာတွေ မီး မလာ ရေမရတဲ့ ပြဿနာတွေကြောင့် လူထုတောင်းဆိုမှုတွေကို အစိုးရက ဘယ်လို ဖြေရှင်းမလဲဆိုတာ သူတို့အတွက် သတိထား စောင့်ကြည့်နေတာ ဖြစ်တယ် လို့လည်း မြန်မာ့ အရေး လေ့လာနေသူတွေက သုံးသပ်ကြတာလည်း ရှိပါတယ်၊

XS
SM
MD
LG