သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် သမ္မတဦးသိန်းစိန်နဲ့တွေ့မည်


မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းဟာ သူ့ရဲ့ သုံး ရက်တာခရီးစဉ်အတွင်း မြန်မာ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ရော မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ရှိနေပါတယ်။ ၂၅ နှစ်တာ ကာလ အတွင်း အိန္ဒိယနိုင်ငံက ဝန်ကြီးချုပ်အဆင့်နဲ့ မြန်မာနိုင်ငံလာတဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရင်းနှီးမြုပ်နှံမှုကိစ္စတွေကို အထူးအလေးပေး ဆွေးနွေးမယ် လို့ မျှော်လင့်ရပါတယ်။

မနေ့ ညနေပိုင်း နေပြည်တော်လေဆိပ်ကို အိန္ဒိယဝန်ကြီးချုပ်ရောက်ရှိလာတာကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ကြိုဆိုပါတယ်။ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ ဆက်စပ်နေ တဲ့ နိုင်ငံဖြစ်တယ်လို့ အိန္ဒိိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းက လေဆိပ်မှာပဲ သတင်းထောက်တွေ ကို ပြောပါတယ်။

“အိန္ဒိယနဲ့ မြန်မာပြည်သူတွေဟာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းတွေအရ ရာစုနှစ်နဲ့ချီပြီး ဆက်နွယ်ပတ်သက် နေပါတယ်။ အခု ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန် ဦးဆောင် တဲ့ မြန်မာခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံပြီး ကိစ္စရပ်အတော်များများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး သွားနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။”

အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ၁၉၈၇ ခုနှစ်မှာဖြစ်ပြီး အဲဒါ ဒီမတိုင်ခင်နောက်ဆုံး အိန္ဒိယဝန်ကြီးချုပ်တဦးရဲ့ မြန်မာခရီးစဉ်ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံအဖို့ အရှေ့မျှော်မူဝါဒအရ အရှေ့အာရှနဲ့ အရှေ့တောင်အာရှကို ဆက်စပ်ပေးတဲ့ နိုင်ငံ အဖြစ် မြန်မာနိုင်ငံဟာ အရေးပါတဲ့နိုင်ငံဖြစ်နေတယ်လို့ အိန္ဒိယ-မြန်မာဆက်ဆံရေးလေ့လာသူတွေက ယူဆထားတာပါ။

အထူးသဖြင့်တော့ အိန္ဒိယနိုင်ငံဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့နဲ့ပတ်သက်လို့လည်း အရင် မြန်မာစစ်အစိုးရ လက်ထက်ကတည်းက ဆက်စပ် မှုတွေ ရှိခဲ့ပါတယ်။ တဘက်မှာလည်း ဒေသတွင်း ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးမှုတွေ လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စစ်အစိုးရ ကို ဝေဖန်ပြောဆိုရာမှာ အတော်လေး သတိတကြီးထားခဲ့ပါတယ်။ ဒီအတွက် ဒီမိုကရေစီ စနစ်ရင့်ကျက်မှု ရှိတဲ့ အိန္ဒိယရဲ့ မြန်မာအပေါ် ရပ်တည်မှုကို နိုင်ငံတကာမှာ အတော်လေး ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟာ ဒီကနေ့ မနက်ပိုင်းမှာတော့ နေပြည်တော်မှာ သမတဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာ အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နေပြည်တော်မှာပဲ ဒီနေ့လည်ပိုင်း တွေ့ဆုံဖို့ ရှိနေပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာတော့ ရန်ကုန်မြို့ကို သွားရောက်ပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

XS
SM
MD
LG