သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်သတင်းထောက် လဖိုင်နော်မိန်း ပြည်သူ့ဂုဏ်ရည်ဆုရ


အမေရိကန်ပြည်ထာင်စုအခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ တတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ကချင်အမျိုးသား လဖိုင်နော်မိန်းကို ချီးမြှင့်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းဟာ Kachinland News သတင်းဌာနကို ထူထောင်ခဲ့သူဖြစ်သလို ဆွန်ပရာဘွမ်မီဒီယာ လုပ်ငန်းကို အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလထဲမှာပဲ ကချင် ပြည်နယ်အတွင်းက စစ်ပွဲတခုကို သတင်းယူနေစဉ် သေနက်ကျည်ဆံထိမှန်ပြီး လည်ပင်းအောက်ပိုင်း ခန္ဓာတခုလုံး မလှုပ်ရှားနိုင် ဖြစ်သွား ခဲ့ရပါတယ်။

ခရစ်ယာန်ဘာသာ ဓမ္မဆရာတဦးလုပ်ခဲ့ဖူးသူ လဖိုင်နော်မိန်းဟာ ကချင်ဒေသတွင်း ဖွံဖြိုးရေး လူငယ်တွေ ကို ပြုစုပျိုးထောင်ရေး စတဲ့ လူ့အဖွဲ့အစည်း အကျိုးပြုတွေကို စံပြနေထိုင် ဆောင်ရွက်လုပ်ကိုင်ခဲ့သူဖြစ်တယ် လို့ ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက် ဝက်ဆိုဒ်မှာ ရေးသားပါတယ်။ ဒီဆုအတွက် နောက်ဆုံး ဇကာတင် ငါးဦးထဲကနေ လဖိုင်နော်မိန်းကို မြန်မာတိုင်းရင်းသားလူမျိုးတွေ အင်တာနက်ကတဆင့် ရွေးချယ် ဆုပေး ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း အမှုဆောင်တဦးဖြစ်တဲ့ ကိုနေလင်းက ဗွီအိုအေကို ရှင်းပြပါတယ်။

“တကယ်တန်းက ကျနော်တို့ရွေးချယ်တာမဟုတ်ပါဘူး။ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ တကမ္ဘာလုံးမှာ ရှိတဲ့ မြန်မာတိုင်းရင်းသားအားလုံးက အင်တာနက်ကတဆင့် ရွေးချယ်ပေးတဲ့ဆုပါ။ ဒီနှစ်ရတဲ့ဆုရှင်ကတော့ ကိုလဖိုင်နော်မိန်းဖြစ်ပါတယ်။ ကချင်လူမျိုးတယောက်ပါ။ သူ့က မဲပေါင်း ၅၀ % ကျော်ကျော်နဲ့ ဒီဆုကို ရသွားတာပါ။ အမှန်အတိုင်းပြောရရင် ကျနော်တို့က ကြားကနေဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းပါ။ ပြည်သူ့ ဂုဏ်ရည် ဆုရှင်တွေကို တောင်းတဲ့အချိန်မှာ ကျနော်တို့မှာရှိတဲ့ မြန်မာတိုင်းရင်းသားတွေထဲကနေပြီးတော့- ဒီလူကတော့ဖြင့် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဖြစ်သင့်ပါတယ်ဆိုပြီးတော့ Nominate (အဆိုပြု) ပါတယ်။ Nominate လုပ်ထားတာ အားလုံးက အဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်ရောအားလုံး ၃၄ ယောက်ရတယ်။ အဲဒီထဲကမှ အယောက် ၂၀ ကို ကျနော်တို့က ဆုရွေးချယ်ရေးကော်မတီကနေ ရွေးတယ်။ အဲဒီကမှ တဆင့် နောက်ဆုံး စကာတင် ငါးယောက်ကိုရွေးခဲ့တာပါ။

“ကျနော်တို့ပြည်သူ့ဂုဏ်ရည်မှာ စံနှုန်းကသုံးခုရှိပါတယ်။ စွန့်လွှတ်အနစ်နာခံမှုရယ်၊ အလုပ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မှုရယ်၊ နောက်ဆုံးတခုက နိုင်ငံသားနဲ့လူသားအပေါ်မှာ အကျိုးပြုနိုင်မှုပေါ်မှာ မူတည်ပြီး - ဒီစံသုံးခုအပေါ်မှာ မူတည်ပြီး ကျနော်တို့ ရွေးချယ်ပါတယ်။”

အင်တာနက်ကတဆင့် မဲပေးရာမှာ မြန်မာနိုင်ငံအပါအဝင် ၄၉ နိုင်ငံက မဲဆန္ဒရှင် ၅ သိန်းကျော် မဲထည့် ခဲ့ကြပြီး ဒီအထဲမှာ လဖိုင်နော်မိန်းဟာ မဲစုစုပေါင်း ၅၁.၂၅ % ရရှိပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခံရတာဖြစ်ပါတယ်။ ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ (၁) သောင်းဖြစ်ပြီး ဆုချီးမြှင့်ခံရသူရဲ့ လူမှုကူညီရေးလုပ်ငန်းတွေ အောင်မြင်အောင် ပြည်သူ့ဂုဏ်ရည်အဖွဲ့ကနေ ဆက်လက် အကူအညီတွေ ပေးသွားမှာလည်း ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းဟာ အမေရိကန်ပြည်ထောင်စုက မြို့ကြီး ၁၃ မြို့နဲ့ အခြားနိုင်ငံ လေးနိုင်ငံက မြန်မာ လူမျိုးတွေ ပေါင်းစုထားတဲ့ အသင်းဖြစ်ပြီး နှစ်စဉ်ပဲ မြန်မာနိုင်ငံအတွင်းက လူမှုကူညီရေးလုပ်ငန်း လုပ်ဆောင်နေသူတွေ၊ အဖွဲ့အစည်းတွေကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နေတာပါ။ ပထမဆုံး ပြည်သူ့ဂုဏ်ရည် ဆုရှင်ကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဖြစ်ပါတယ်။ ဒုတိယ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ ထိမ်းသိမ်းခံရတဲ့ ဗုဒ္ဓဘာသာရဟန်းတွေကို အကူအညီပေးနေတဲ့ ဒေါ်ရှုဖြစ်ပြီး အခု ၂၀၁၂ ခုနှစ် တတိယ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ လဖိုင်နော်မိန်း ဖြစ်ပါတယ်။

XS
SM
MD
LG