သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး


မြန်မာနိုင်ငံထဲ လတ်တလော ဖြစ်နေတဲ့ ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ကြ ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့ နိုင်ငံရေးပါတီတချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာမှာ နိုင်ငံရေးပါတီ တချို့က ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်လို့ အလုပ်သမား ဝန်ကြီးဌာနကို တိုင်ကြားလာတာတွေ ရှိတဲ့အတွက် အခုလို ခေါ်ယူ တွေ့ဆုံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်၊ ဒီကနေ့ နေပြည်တော် က ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှု အခြေအနေ အပြည့်အစုံ ကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါ။

နေပြည်တော် မှာရှိတဲ့ ကော်မရှင်ရုံးအစည်းဝေးခန်းမမှာ ပြည်တောင်စုကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လျှပ်စစ် ဝန်ကြီး ဌာန ရဲ့ ဒုဝန်ကြီး ဦးအောင်သန်းဦး၊ အလုပ်သမားဝန်ကြီးဌာနက ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းတို့က နိုင်ငံရေးပါတီ ၅ ခု ကို မေလ ၂၉ ရက် အင်္ဂါနေ့မနက်က ခေါ်ယူတွေ့ဆုံခဲ့တာဖြစ် ပါတယ်။ အဓိကကတော့ လတ်တလော မြန်မာနိုင်ငံထဲမှာ ဖြစ် နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေ လျှပ်စစ် မီးပုံမှန်ရဖို့ ဆန္ဒဖော်ထုတ်မှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ဖို့ ခေါ်ယူ သတိပးခဲ့တာ ဖြစ်ပါ တယ်။

အခုသူတို့ခေါ်တွေ့တဲ့ နိုင်ငံရေးပါတီ ၅ခုကတော့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ၊ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ အမျိူးသား ဒီမိုကရေစီအင်အားစု NDF နဲ့ ပြည်ထောင်စုမြန်မာနို်င်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ပါတီ နဲ့ နောက်ထပ် နိုင်ငံရေးပါတီ တွေ ဖြစ်ပြီး ဒီပါတီတွေဟာ အခုလက်ရှိပြဿနာတွေမှာ ဝင်ရောက် ပတ်သက်နေတာတွေရှိတာကြောင့် ကော်မရှင်က ခေါ် တွေ့တာ ဖြစ်တယ်လို့လည်း နိုင်ငံရေးပါတီတွေက ပြောပါတယ်၊ အထူးသဖြင့်ကတော့ လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ် သမား ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ ပတ်သက်နေတယ်ဆိုတဲ့ တိုင်ကြားမှုတွေ ရှိတာကြောင့် ခေါ်တွေ့တာဖြစ်တယ် လို့ NDF ပါတီက ဦးစိုးဝင်း က ပြောပါတယ်။

“စစချင်းမှာကျတော့ နိုင်ငံရေးပါတီတွေက ဝင်မပတ်သက်ဘူးဆိုတဲ့ သဘောပေါ့လေ။ လှိုင်သာယာကိစ္စမှာ ဘယ်လို ရ အောင် တောင်း၊ ဆိုတာမျိုး ပါတီတွေက ဝင်လုပ်တဲ့အတွက် သူတို့ ညှိလို့ မရဘူးတဲ့။ တိုင်တာက စပယ်ပွင့်စက်ရုံက တိုင် တာတဲ့။ NLD က ဝင်ပြီးတော့ အလုပ်သမားတွေကို သောက်ရေ သန့်တွေ မုန့်တွေ လာဝေတာမျိုးလုပ်တယ်ပေါ့။ ဒါဟာ ဆန္ဒပြအလုပ်သမားတွေကို အားပေးပါ တယ်၊ သွေးထိုးလှုံ့ဆော်ပေးတယ် ဆိုတာမျိုး ပြောတာပေါ့။”

ဒီတိုင်ကြားမှုအပေါ်မှာ NDF ပါတီကိုယ်စားတက်လာတဲ့ ဦးစိုးဝင်းက ကော်မရှင်နဲ့ ဝန်ကြီးဌာနတွေ ကို ပြန်ရှင်းပြတဲ့ အချက် တွေကတော့

“နိုင်ငံရေးပါတီတွေကိုကျတော့ အလုပ်သမားတွေက အားကိုးတကြီးနဲ့ သူတို့ရဲ့ အခက်အခဲတွေကို တင်ပြလာတဲ့အခါမှာ တော့ ဝင်ရောက်စွက်ဖက်တယ်ဆိုတာမျိုး မဟုတ်ဘူး။ ညှိနှိုင်းဖြေရှင်းပေးဖို့ လုပ်ဆောင်ရမှာကတော့ တာဝန်ပဲ..လို့၊ အခက်အခဲတွေ့အောင် ကပျက်ယပျက်လုပ်တာမျိုး၊ ပြည်သူနဲ့ အဆင်မပြေအောင် ကျနော်တို့ ဒါမျိုးတွေလုပ်မှာ မဟုတ်ပါဘူးလို့။”

NDF ပါတီက ဦးစိုးဝင်းပါရှင်။ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ ဆန္ဒပြမှုတွေပေါ် NLD အဖွဲ့ဝင် တွေအတွက် တစုံတရာ သဘောထား ထုတ်ပြန်ထားမှု မရှိပေမဲ့ လူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေကို ကူညီပေးဖို့ ဟာ နိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ်တယ်ဆိုတာကို ပြန် ရှင်းပြ ခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ခဲ့တဲ့ NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင် ကလည်း ပြောပြ ပါတယ်။

“ကျနော်တို့ အဖွ့ဲချုပ်အနေနဲ့ကတော့ ကျနော်တို့ ပါတီဝင်တွေကို ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထား တစုံတရာ ထုတ်ပြန် ထားတာမရှိဘူး။ ပါတီဝင်ဆိုတာလည်း ပြည်သူတွေပဲ ဖြစ်တယ်၊ အဲဒီတော့ ခုတော့ အလုပ်သမားဝန်ကြီးတို့ လျှပ်စစ် ဝန်ကြီး တို့ ရှင်းပြသွားတဲ့အတိုင်းပဲ၊ ဒီပြဿနာတွေက ခုမှ ဖြစ်နေတာ လည်း မဟုတ်ဘူး၊ နှစ်စဉ်လည်း ဖြစ်နေတယ်၊ ကျနော် တို့ အသိပဲဖြစ်တယ်၊ ဒီနှစ်ကျတော့ လူတွေက လွတ်လွတ်လပ်လပ် စုရုံးခွင့်တွေ ရလာတယ်၊ ရလာတော့ လူတွေ က သူတို့ ဆန္ဒတွေကို ငြိမ်းငြိမ်း ချမ်းချမ်း ဖော်ထုတ်ကြတာဖြစ်တယ်၊ ဒါတွေကို ဖြေရှင်းပေးဖို့က အစိုးရမှာ တာဝန်အရှိဆုံး ပဲ၊ ကျနော်တို့ ပါတီတွေဘက်ကတော့ တတ်နိုင်သလောက်ပူးပေါင်းကူညီပေးဖို့ပဲတတ်နိုင်တယ်၊ ကျနော် အဲလို ရှင်းပြခဲ့ပါ တယ်။ ။

NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးဌေးဦး ကတော့ စက်ရုံအလုပ်ရုံတွေ ရှိနေတဲ့အတွက် အလုပ်ရကြတာ ဖြစ်ပြီး အလုပ်သမားတွေအတွက်လည်း ရသင့် ရထိုက်တဲ့ အခွင့်ရေးတွေ ရဖို့ လိုတယ် ဆိုတဲ့ အမြင်နဲ့ ဝင်ရောက် ညှိနှိုင်းတာသာ ဖြစ်တယ်လို့ ပြောပါ တယ်။

“ကျနော်တို့ကတော့ ဒီကိစ္စကို အကျယ်အကျယ် မဖြစ်စေချင်ပါဘူး။ အဲဒီမှာ ဒီစက်ရုံတွေ ရှိနေလို့သာ အလုပ်သမားတွေ အလုပ်ရနေကြတာပေါ့၊ အလုပ်အကိုင်ရတဲ့ အလုပ်သမားတွေအနေနဲ့လည်းပဲ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို သူတို့ ရရမှာ ပေါ့။ ဒီနှစ်ခုကိုတော့ အလုပ်ရှင်ရော အလုပ်သမားဘက် ကရော အားလုံးအဆင်ပြေအောင် ညှိနှိုင်း ဖြေရှင်း ပေးနိုင် ရေး အတွက်ပဲ ကျနော်တို့ ဝင်ရောက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောပြခဲ့တာပါ။

ဒီတွေဆုံမှု အဆုံးမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီအခြေနေတွေ ကို နိုင်ငံရေး ပါတီတွေအနေနဲ့ ဥပေဒနဲ့အညီ မှန်မှန် ကန်ကန် ရပ်တည်ဖို့ နဲ့ ပြည်သူတွေကို စည်းရုံး ရှင်းပြကာ တိုင်းပြည် တိုးတက် အောင် နိုင်ငံရေးပါတီတွေက ဝိုင်းလုပ်ဆောင်ကြဖို့ကို တိုက်တွန်းသွား တယ် လို့လည်း ပြောပါတယ်။

XS
SM
MD
LG