အာဖဂနစ္စတန် နိုင်ငံမှာ ရှိနေတဲ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ဒုတိယအဆင့် အမြင့်ဆုံး ခေါင်းဆောင် ကို လေကြောင်း တိုက်ခိုက်မှု တခုအတွင်း သုတ်သင်လိုက်တဲ့အကြောင်း အာဖဂန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ က ပြောပါတယ်။ သေဆုံးသူ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ဟာ Mustaq, Nasim စတဲ့ အမည်တွေနဲ့လည်း ထင်ရှားတဲ့ ဆော်ဒီနိုင်ငံသား Sakhr al-Taifi ဖြစ်တယ်လို့လည်း ညွန့်ပေါင်း တပ်ဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန် တဲ့ ကြေညာချက် က ဖော်ပြခဲ့တာပါ။
သူဟာဆိုရင် အာဖဂန်နဲ့ ညွန့်ပေါင်း တပ်တွေကို တိုက်ခိုက်ရမှာ ညွန်ကြားနေသူ တဦးဖြစ်သလို၊ အယ်လ်ခိုင်းဒါး ထိပ်တန်း ခေါင်းဆောင်တွေရဲ့ အမိန့်တွေကို ယူဆောင်ပြီး အာဖဂန်နဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတို့ကြား မကြာခန သွားလာနေသူ၊ အာဖဂန် အရှေ့ပိုင်းမှာ ရှိ တဲ့ သောင်းကျန်းသူတွေကို လက်နက်နဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့နေသူတဦး ဖြစ်တယ်လို့ လည်း ကြေညာချက် က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုဟာ အာဖဂန်နိုင်ငံ Kunar ပြည်နယ် မှာ ဖြစ်ပွားခဲ့ပြီး နောက်ထပ် အယ်လ်ခိုင်းဒါး အကြမ်းဖက်သမား တဦးလည်း သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါ တယ်။ ပါကစ္စတန် အနောက်မြောက် ဘက် ဒေသ နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ Kunar ပြည်နယ်ဟာဆိုရင် အယ်လ်ခိုင်းဒါးနဲ့ တာလီဘန် စစ်သွေးကြွတွေ ခိုအောင်းရာ နေရာအဖြစ် ထင်ရှားတဲ့ ဒေသတခုလည်း ဖြစ်ပါ တယ်။