သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောမည်


မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အနေ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင် လုပ်ဆောင်နိုင် တာတွေ ရှိပြီး အိန္ဒိယနဲ့ ဆက်ဆံရေး ပိုပြီး နီးကပ်လာမယ့် အလားအလာအပေါ် ဝမ်းသာမိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောခဲ့ပါ တယ်။ သူတို့နှစ်ဦး ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေး အပြီး ပြောဆိုခဲ့တာတွေ ကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက် တွေကို အသီးသီး စကားပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိဘတွေအပါအဝင် သူကိုယ်တိုင်နဲ့ ကာလရှည်ကြာကတည်းက ရင်းနှီး ကျွမ်းဝင် မှု ရှိခဲ့တဲ့အပေါ် အိန္ဒိယ နိုင်ငံအနေနဲ့ အင်မတန် ဂုဏ်ယူပါတယ်လို့ ဝန်ကြီးချုပ် ဆင်းဂ်က ဆိုပြီး မြန်မာနိုင်ငံ ရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်တဲ့ သူ့ရဲ့ ယုံကြည် မျှော်လင့်ချက်ကို ပြောဆိုခဲ့ပါတယ်။

“သမ္မတဦးသိန်းစိန် စတင်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လိမ့်မယ်လို့ ကျနော်တို့ ရိုးရိုးသားသားပဲ ယုံကြည်ပါ တယ်” ဆိုပြီး အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံဆီ ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်လာရောက်ဖို့နဲ့ အထူးထင်ရှားတဲ့ ကွယ်လွန်သူ အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟာလာ နေရူး အောက်မေ့ဖွယ် အထိမ်းအမှတ် အဖြစ် နှစ်စဉ် နိုဝင်ဘာလမှာ ကျင်းပတဲ့ အခမ်းအနားမှာ မိန့်ခွန်း ပြောကြား ပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိန္ဒိယနိုင်ငံဆီ မကြာခင် အလည်အပတ် လာရောက် နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ နောက်တကြိမ်ကျင်းပမယ့် ဂျဝါဟာလာ နေရူး အောက်မေ့ဖွယ်အထိမ်းအမှတ် အခမ်းအနားမှာ မိန့်ခွန်းလာပြောပေးဖို့ ဖိတ်ကြားစာကို ကျနော် ပေးအပ်ထားပါတယ်။ ဒီမိန့်ခွန်းဟာ အထူး အရေးပါ ထင်ရှားတဲ့ မိန့်ခွန်းဖြစ်ပြီး မစ္စစ် ဆိုနီယာဂန္ဒီ ကိုယ်တိုင် ဖိတ်ကြားစာကို ရေးပေးခဲ့တာပါ။ အိန္ဒိယနိုင်ငံ မှာ အဲဒီ မိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည် လာပြောမယ်ဆိုရင်ဖြင့် ကျနော်တို့အတွက် အင်မတန် ဂုဏ်ယူရမှာဖြစ်ပါတယ်” လို့ မစ္စတာဆင်းဂ် က ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံက ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်း မှာ မြန်မာ့ဒီမိုကရေစီရေးကို ကာလအတန်ကြာ ထောက်ခံအားပေးခဲ့ပြီး မြန်မာနိုင်ငံကနေ ရောက်လာတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုလည်း လက်ခံခဲ့တဲ့ နိုင်ငံပါ။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရ အဆက်ဆက် က တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့ပြီး နောက်ပိုင်းမှာ အရှေ့မျှော်ဝါဒ ဆိုတာကို ကျင့်သုံးပြီး မြန်မာ စစ်အစိုးရနဲ့ ပြန်ပြီး ဆက်ဆံခဲ့ပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့ စွမ်းအင်အရင်းအမြစ်တွေကို တရုတ်နဲ့ အပြိုင် ရယူဖို့ ကြိုးစားခဲ့တာပါပဲ။

အခုတော့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲနေတာကို အခွင့်ကောင်းယူပြီး ၂၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံဆီ လာရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကောင်းမြင်ပုံရပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ ပထဝီအနေအထားအရ နီးကပ်နေရုံသာမက နှစ်ပေါင်းများစွာ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ ရင်းနှီးချစ်ကြည်မှုရှိခဲ့တဲ့နိုင်ငံတွေဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မီးမောင်း ထိုး ပြောခဲ့ ပါတယ်။

“အိန္ဒိယနိုင်ငံနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံရေး ရှိလာမယ့် အလားအလာအပေါ် ကျမ အင်မတန် ဝမ်းသာ မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျမတို့မှာ အပြန်အလှန် လေ့လာ သင်ယူကြရမယ့် ကိစ္စရပ်တွေရှိပြီး ဒီဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကျမတို့တွေ ပါဝင်လုပ်ဆောင်နိုင်တာတွေ ရှိကြလို့ပါပဲ။” လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ပါတယ်။

မကြာခင်သီတင်းပတ်တွေမှာ ပြည်ပခရီးတွေ ဆက်တိုက်ထွက်ဖို့ စီစဉ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံဆီလာဖို့ ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကိုလည်း လက်ခံခဲ့ပါတယ်။

“ဂျဝါဟာလာနေရူး အောက်မေ့ဖွယ် အထိမ်းအမှတ် မိန့်ခွန်းပြောကြားဖို့ ဖိတ်ကြားစာကို လက်ခံရရှိတဲ့ အတွက် ကျမ အင်မတန် ဝမ်းသာပါတယ်။ အချိန် သိပ်အများကြီးမကြာခင်မှာ ဒီဖိတ်ကြားချက်ကို ကျမ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန် ဆင်းဂ်ဟာ သုံးရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ရောက်နေတာပါ။ တနင်္လာနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို အတိုး သက်သက်သာသာနဲ့ ချေးမယ့် အစီအစဉ်တရပ်အပါအဝင် နှစ်နိုင်ငံကြား သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီ လာရောက်ဖို့ ကနဦး စီစဉ် ထားခဲ့တာဖြစ်ပေမဲ့ အိန္ဒိယဝန်ကြီးချုပ်နဲ့ ဒီကနေ့မနက်ပိုင်း တွေ့မယ့် အစီအစဉ်ကြောင့် ဘန်ကောက်ခရီးစဉ် ကို ရွှေ့ဆိုင်းထားတာပါ။ မေလ ၂၉ ရက်၊ ဒီကနေ့ ညမှာမှ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံဆီ ထွက်ခွာ မှာဖြစ်ပါတယ်။

XS
SM
MD
LG