သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပန်းတသာ ကြိုဆို


ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းလေဆိပ်မှ စောင့်ကြိုနေသူများ (မေလ ၂၉ ရက်၊ ၂၀၁၂။)
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းလေဆိပ်မှ စောင့်ကြိုနေသူများ (မေလ ၂၉ ရက်၊ ၂၀၁၂။)

ထိုင်းနို်င်ငံကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အခု မနက်ပိုင်း မြန်မာအလုပ်သမားတွေ အများစု အလုပ် လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသကို သွားရောက် မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးကိုပါ အထောက်အပံ့ဖြစ်စေတဲ့ ဒီအလုပ်သမားတွေရဲ့ အတွေ့အကြုံ၊ နေ ထိုင်မှု ဘ၀ တွေကို မျက်မြင်တွေ့လိုတာကြောင့် သူတို့ရဲ့ အလုပ်ခွင်ထဲအထိ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုမှာဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက ဒီအကြောင်း ဆက်ပြီး တင်ပြပေးထားပါတယ်။

မနေ့ညပိုင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘုမိ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ချိန်မှာတော့ ထိုင်းအထူးရဲတပ်ဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် လုံခြုံရေး ယူပေးထားပါတယ်။ လေဆိပ်အထွက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းရောက် မြန်မာ တွေရော ထိုင်းလူမျိုးတွေရော စိတ်လှုပ်ရှားတကြီး ကြိုဆိုခဲ့ကြပါတယ်။

အလုပ်သမတဦး။ ။ “အရမ်းလည်းဝမ်းသာမိတယ်၊ ဂုဏ်ယူတယ်၊ ကျေနပ်တယ်၊ စိတ်ထဲ အရမ်း လှုပ်ရှားတယ်။ ဘယ်အချိန်လာမလဲ၊ နာရီကိုခဏခဏလည်းကြည့်တယ်။ ထိုင်းနိုင်ငံမှာရောက်ရှိလာ တဲ့ မြန်မာအလုပ်သမားတွေအတွက် မြန်မာနိုင်ငံက အလုပ်သမားတွေပေါ့နော်- တရားမျှတမှုရှိအောင်- ထိုင်းအစိုးရတွေကို ပြေပြေလည်လည်ဖြစ်အောင် လုပ်ပေးပါလို့ ပြောချင်တယ်။”

အလုပ်သမားတဦး။ ။ “ကျနော့်ရင်ထဲမှာ အတိုင်းအဆမရှိအောင် ပျော်ပါတယ်ခင်ဗျ။ ဒီနေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ဆိုပြီး ကျနော်လာတာ။ ၈ နာရီလောက်ကတည်းက ဒီကိုရောက်နေ တာ။ ဒီနေ့ကတော့ ကျနော့်ဘဝမှာအပျော်ဆုံးနေ့လို့ ပြောလို့ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ စိတ်လှုပ်ရှားတကြီး စောင့်နေတဲ့ထဲမှာ ထိုင်းလူမျိုးတွေလည်း အတော်များများပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်ဟာ ထိုင်းနိုင်ငံကို အရင်ဆုံးရောက်လာတဲ့အပေါ် သူတို့က အင်မတန်ကို ဝမ်းသာခဲ့ကြပါတယ်။

“ကျမ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ ပြီးခဲ့တဲ့ သတင်းကြားရတုန်းက သူ နော်ဝေးသွားမယ်လို့ သိရ တာပါ။ ပထမဆုံး ပြည်ပခရီးစဉ်က နော်ဝေးသွားမယ်လို့ ဟိုတုန်းကတည်းက သူမကလည်း ပြောခဲ့တာပါ။ အခုတော့ မဟုတ်ဘူး. ဒီကို ပထမဆုံးရောက်လာပြီလေ။ အခုဆို မြန်မာပြည်ပခရီးစဉ်က ပထမဆုံး ထိုင်းနိုင်ငံဖြစ်တယ်လေ- ဝမ်းသာလွန်းလို့ ကျမ ပြောစရာ စကားတောင်မရှိပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက်တင်မက အခြားကမ္ဘာအသီးအသီးက အမျိုးသမီးတွေ အတွက်ပါ စိတ်ခွန်အားဖြစ်စေတယ်လို့ အဲဒီ ထိုင်း အမျိုးသမီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ မနက်ပိုင်း ၈ နာရီခွဲမှာတော့ ဘန်ကောက်အနီးက မြန်မာအလုပ် သမားတွေ အများဆုံးအလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင် ဒေသကို သွားမှာပါ။ ရေလုပ်ငန်းတွေရှိတဲ့ မဟာ ချိုင်ဒေသမှာတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်ဆိုတဲ့အတွက် မြန်မာ အလုပ်သမားတွေလည်း စိတ်လှုပ်ရှားတကြီး ပြင်ဆင် စောင့်ဆိုင်းနေပါတယ်။

“သူနဲ့တွေ့ချင်တာက - အခု ကျနော်တို့အလုပ်သမားတွေ ခံစားနေရတဲ့ ပြဿနာ၊ ဖြစ်ပျက်နေရတဲ့ အတွေ့ အကြုံတွေကို အကုန်လုံးသိသွားအောင် - ထိုင်းအစိုးရရော၊ ဗမာအစိုးရရော အကုန်လုံး သိသွားအောင် ပြောပြစေချင်တယ်။”

အလုပ်သမားရေးလှုပ်ရှားသူ Andy Hall ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအလုပ်သမားတွေရဲ့ တန်ဘိုးကို သဘောပေါက်နားလည်တာကြောင့် အခုလို အရေးတယူ လာရောက်တာဖြစ်တယ် လို့ ပြောပါတယ်။

“ဒီ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာစီးပွားရေးအတွက် အတော်လေး အထောက်ကူဖြစ်စေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆမယ်လို့ ထင် တာ။ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်က လူဦးရေ ရဲ့ ၁၀ % ရှိပါတယ်။ စီးပွားရေးကြောင့်ဖြစ်စေ၊ ပဋိ့ပက္ခတွေကြောင့်ဖြစ်စေ အကြောင်းအမျိုးမျှိုးနဲ့ ပြည်ပ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၅ သန်း - ၆ သန်းလောက်ဟာ အရေးပါတဲ့ အင်အားစုဖြစ်ပါတယ်။ သူတို့ဟာ သူတို့မိသားစုတွေကို ထောက်ပံ့နိုင်ဖို့ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတာပါ။ ဒီလူတွေ တိုင်းပြည်အတွက် ဆောင်ရွက်နေတာတွေကို အသိအမှတ်ပြုလိုတယ်၊ သူတို့နဲ့ တွေ့ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက်အနေနဲ့ ထိုင်းနိုင်ငံတွင်း က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ဘဝတွေကို မြင်တွေ သိရှိလိုတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်း ၉ နာရီကျော်မှာ မဟာချိုင်မှာရှိတဲ့ ပုစွန်ဈေးကို ရောက်မယ်လို့ သိရပါတယ်။ အဲဒီကနေ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ရှိသလို စက်ရုံတခုမှာ နေလည်စာစားမယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်းမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာပြုလုပ်တဲ့ ၂၀၁၂ ခုနှစ်၊ World Economic Forum on East Asia အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ဇွန်လ တစ်ရက်နေ့မှာ အဲဒီ ညီလာခံမှာ မိန့်ခွန်းပေးဖို့ရှိပါတယ်။ ဒီနောက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG