သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်လက်မဲ့ပြဿနာ အရေးကြီးပုံ ဒေါ်စု ထောက်ပြ


俄罗斯空军的图-160战略轰炸机(美国之音白桦拍摄)
俄罗斯空军的图-160战略轰炸机(美国之音白桦拍摄)

မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့အရေအတွက် အလွန်အမင်း များနေတဲ့ ပြဿနာဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်လာနေပြီလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ရဲ့ ဇွန်လ ၁ ရက်နေ့ အစီအစဉ်တခု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။ အဲဒီလူငယ်တွေအတွက် အသက်မွေး ဝမ်းကျောင်း ဘာသာရပ် ဆိုင်ရာ သင်တန်းတွေဖွင့်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကိစ္စကို သူက အထူး မီးမောင်းထိုးပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး ဝင်လာတာဟာ အကျင့်ပျက် ခြစားမှုတွေ ပိုများလာစေမယ့် အခြေအနေမျိုး ဖြစ်လာမှာကို မလိုချင်ပါဘူး လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို WEF ကျင်းပရာ ဘန်ကောက်မြို့ ရှန်ဂရီလာ ဟိုတယ်မှာ ကိုယ်တိုင် သတင်းသွားယူခဲ့ဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

WEF ရဲ့ ဇွန်လ ၁ ရက်နေ့ အစီအစဉ်တခုကတော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားစမြည်ပြောဆိုခြင်း” လို့ အမည်ပေးထားတဲ့ အစီအစဉ်ပါ။ နာရီဝက်ကြာ အဲဒီအစီအစဉ်အဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည် က ပြုပြင်ပြောင်းလဲရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ တရားရေးစနစ် ပြုပြင် ပြောင်းလဲရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ အကျင့်ပျက်ခြစားမှု စတဲ့ အကြောင်းအရာမျိုးစုံ ကို ပြောဆိုခဲ့သလို WEF အမှုဆောင် ဥက္ကဋ္ဌ ကလော့စ် ရှဝတ်ဘ် (Klaus Schwab) ရဲ့ မေးခွန်းတွေကို လည်း ဖြေဆိုခဲ့ပါတယ်။ ဒါဟာဖြင့် ရာစုနှစ်လေးပုံတပုံနီးပါးအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ တကာစင်မြင့်တခု ပေါ်မှာ၊ အပြည်ပြည်ဆိုင်ရာပရိသတ်ရှေ့မှောက်မှာ ပထမဆုံးအကြိမ် စကားပြောခဲ့တာပဲ ဖြစ်ပါတယ်။

အကြောင်းအရာမျိုးစုံထဲမှာ သူအလေးထားပြောဆိုခဲ့တဲ့ အကြောင်းအရာကတော့ လူငယ်ထုကြားမှာ အလုပ်လက်မဲ့ အရေအတွက် အင်မတန် များနေတဲ့ပြဿနာပါပဲ။

“မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်အချိုးအစားဟာ အလွန်အမင်းကို မြင့်မားနေပါတယ်။ ကျမ ထပ်ထပ်ပြောနေတာက အဲဒီအခြေအနေဟာ ချိန်ကိုက်ဗုံးတလုံးဖြစ်နေပြီဆိုတာပါပဲ။ သူတို့တွေ အလုပ်လက်မဲ့ဖြစ်နေတာကြောင့် သူတို့လုပ်နေသလို မိဘတွေအပေါ်မှာ ဘယ်လောက်ကြာကြာ ဆက်ပြီး မှီခိုနေနိုင်ကြမှာပါလဲ …” လို့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံလူထုအနေနဲ့ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်နိုင်စေမယ့် အခြေခံ ပညာရေးမျိုး လိုအပ်ပါတယ်လို့ သူက ပြောသလို လူငယ်တွေ အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ယူနိုင်အောင် လုပ်ပေးရမယ်လို့လည်း ဆိုပါတယ်။ “အလုပ်အကိုင်တွေ ဖန်တီးရေးဟာ မြန်မာနိုင်ငံမှာ အင်မတန်ကို အရေးကြီးနေပါတယ်။ အလုပ်အကိုင်ဖန်တီးရေးနဲ့ သင်တန်းတွေ ပေးဖို့ကိစ္စနှစ်ခုကို အတူ တကွ လုပ်ဆောင်ရပါမယ်။ ကျမတို့ရဲ့ အလုပ်လက်မဲ့လူငယ်တွေ အလုပ်ရစေမယ့် သင်တန်း အမျိုးအစားတွေ ဖြစ်ရပါမယ်။ ဒေါက်တာဘွဲ့ပေးတဲ့အစီအစဉ်တွေထက် အသက် မွေးဝမ်းကျောင်း သင်တန်းတွေ နဲ့ စာသင်ခန်းပြင်ပ ပညာရေးမျိုးတွေ ပိုပြီး လိုအပ်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မိမိတို့မှာ စွမ်းရည်လိုအပ်နေပေမဲ့ တချို့အဖွဲ့အစည်းတွေက မြင်သလိုမျိုး စွမ်းရည်တော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ အောက်ခြေကနေပြီး အပေါ်ထိ တည်ဆောက်နိုင်မယ့် စွမ်းရည်မျိုးကို လိုအပ်တာပါလို့ပြောပြီး အဲဒီကိစ္စအတွက် နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်ပါတယ်လို့ ပန်ကြားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် လာတက်တဲ့ထဲမှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေက အကြီးအကဲတွေလည်း အများအပြားပါဝင်နေပါတယ်။ သူတို့တွေထဲက အတော်များများဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည်ဖော်တဲ့ စီမံကိန်းတိုင်းဟာ ပွင့်လင်းမြင်သာမှုရှိရမယ်လို့ ဆိုပါတယ်။

အလုပ်အကိုင်ဖန်တီးရေးနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုကိစ္စဟာ တိုက်ရိုက်ဆက်စပ်နေတာမို့ အဲဒီ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က အကျယ်တဝံ့ပြောခဲ့သလို အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီးတော့ပါ တွဲဖက် ပြောဆိုခဲ့ပါ တယ်။ ဒါ့အပြင် မိမိတို့လိုချင်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ဘယ်လိုပုံစံမျိုး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းပဲ ဖွင့်ဆိုပြခဲ့ပါတယ်။“ရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာအောင် ဆက်ပြီး လုပ်ဆောင်သွားတာနဲ့အမျှ အကျင့်ပျခြစားမှုနဲ့ တန်းတူညီမျှမရှိမှုကို ကြိုးစား တိုက်ဖျက်သွားရ ပါမယ်။ အကျင့်ပျက် ခြစားတာတွေ ပိုဖြစ်လာနိုင်ခြေရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ကျမတို့ မလိုချင်ပါဘူး၊ ပိုကြီးမား တဲ့ တန်းတူညီမျှမရှိမှုကို ဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို ကျမတို့ မလိုချင်ပါဘူး။ အကျင့်ပျက် ခြစားမှုဟာ အခုကို အခွင့်ထူးတွေ ခံစားနေရသူတွေအတွက် ပိုကြီးမားတဲ့ အခွင့်ထူးတွေ ခံစားရမယ့်အခြေအနေမျိုး ကျမတို့ မလိုချင်ပါဘူး။”-လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အထူးအလေးထား ပြောဆိုခဲ့ပါသေးတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် နောက်ကြောင်း ပြန်လှည့်သွားနိုင်သေးသလားဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ စစ်ဘက်က ဒီ လုပ်ငန်းစဉ်ပေါ်မှာ ဘယ်လောက်ထိ အခိုင်အမာသန္နိဋ္ဌာန်ရှိတယ်ဆိုတာပေါ် မူတည်နေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး ခုထိ မဖြစ်သေးတာနဲ့ သူ အမြဲလို ထောက်ပြပြောဆိုနေကျ တရားဥပဒေစိုးမိုးရေး အရေးကြီးပုံတွေကိုပါ ထည့်သွင်းပြောဆိုပါတယ်။

“တရားရေးဘက်မှာ ပြုပြင်ပြောင်းလဲရေး တခုခုလုပ်နေတာကို ခုချိန်ထိတော့ ကျမတို့ မတွေ့ရသေးပါဘူး။ တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ကျမတို့က ဆက်ပြောနေပေမဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ပိုင်းမှာ ဒါကို သဘောတူတဲ့လူ သိပ်များများ မရှိလှဘူးဆိုတာ ကျမဝန်ခံရပါမယ်။ တရားရေး စံနစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ သူတို့က မထင်ကြပါဘူး။ ဒါမှမဟုတ်လည်း အရေးတကြီး လိုအပ်နေတယ်လို့ မထင်ကြပါဘူး။ ဒါပေမဲ့ အဲဒီ ပြုပြင် ပြောင်းလဲရေးဟာ အလွန်အမင်းကို အရေးတကြီးလုပ်ဖို့ လိုနေတယ်လို့ ကျမကတော့ ယူဆပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ဘယ်လို ပြဌာန်း မယ်ဆိုတာ မစခင် တရားဥပဒေစိုးမိုးမှုရှိအောင် အရင် စလုပ်ကြရအောင်ပါ။” -လို့ ပြောခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့ ညနေပိုင်းမှာ ပြီးဆုံးသွားပြီဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲတွေပြီးတဲ့နောက် ဇွန်လ ၂ ရက် စနေနေ့မှာတော့ ထိုင်း-မြန်မာနယ်စပ်က မယ်လ ဒုက္ခသည်စခန်းနဲ့ မဲဆောက်မြို့တို့ ဆီ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပါလိမ့်မယ်။ ဇွန်လ ၃ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံ ဆီပြန်ရောက်မှာဖြစ်ပြီး သီတင်းတပတ်ကျော်ကြာပြီးတဲ့နောက်မှာတော့ ဥရောပခရီးစဉ် စတင်မှာဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG